သထုံက လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦး ဖမ်းဆီးခံရ

0
1061

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စောစုစုထွေးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဒေါ်စောစုစုထွေးသည် ပြည်သူ့ကာကွယ်ရေးတပ် PDF ၏ ‌ဖေ့ဘွတ်စ်လူမှုကွန်ရက်ပို့စ်အောက်တွင် မှတ်ချက် ဝင်ရေးခဲ့သည် ဟုဆိုကာ ဒီဇင်ဘာလ၁၆ ရက်နေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ ဓမ္မဝတီမြို့သစ်ရှိ ၎င်း၏နေအိမ် တွင် စစ်ကောင်စီတပ် က လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“အမြန်ပြန်လည်ဆုံတွေ့ပါစေ” ဆိုသည့် မှတ်ချက်ရေးသားခဲ့သောစာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ ဖြန့်ဝေပြီး ဒေါ်စောစုစုထွေးကို ဖမ်းဆီးပေးရန် ရေးသားကြပြီးနောက် စစ်ကောင်စီတပ်တို့ လာရောက်ဖမ်းဆီးသွားကြောင်း သထုံဒေသခံတစ်ဦးက ပြောသည်။

“PDF ပို့စ်အောက်မှာ မှတ်ချက်ဝင်ရေးမိလို့ ဖမ်းခံရတယ်လို့ ပြောတယ်။ စစ်လော်ဘီ တယ်လီဂရမ်မှာလည်း သူ့ကို (ဒေါ်စောစုစုထွေး) ကို ဖမ်းဖို့ တင်ထားပြီးနောက်မှာ လာဖမ်းသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သက်သည့်သတင်း လူမှုကွန်ရက် စာမျက်နှာပေါ် ဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မော်လမြိုင်မြို့ခံ ဦးဇွဲအာကာကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အမှုဖွင့်အရေးယူခဲ့သည်။

မွန်ပြည်နယ်တွင် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားဖြန့်ဝေသူများ၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ တော်လှန်ရေးအင်အားစုတို့ကို အားပေးထောက်ခံသည့်စာ ရေးသားဖြန့်ဝေသူတွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးလာခဲ့သည်။

၂၀၂၃ ခုနှစ်ကုန်ပိုင်းကာလဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းတွင် ဖမ်းဆီးမှု ပိုများလာပြီး သုံးလအတွင်းမှာ ဖမ်းဆီးခံရသူ ရာချီရှိနိုင်ကြောင်း လေ့လာစောင့်ကြည့်နေသူတို့ထံမှ သိရသည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Data For Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာ လကုန်အထိ လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်း များကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦး ရှိကြောင်း သိရသည်။