ထိုင်းတွင် မြန်မာလုပ်သားနှစ်ရာကျော် လုပ်အားခ ဘတ်လေးသန်းကျော်မရ၊ အလုပ်လည်း အထုတ်ခံရ

0
2194
ပုံစာ - ပြီးခဲ့သော အောက်တိုဘာလက လုပ်အားခ ဘတ် ၆ သန်း မရသဖြင့် အခက်အခဲဖြစ်နေသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်ရာကျော်သည် လုပ်အားခ ဘတ် လေးသန်းကျော်လည်း မရရှိသည့်အပြင် အလုပ်လည်း အထုတ်ခံထားရကြောင်း မြန်မာအလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

ရယောင်းခရိုင် နိခုံးဖတ်ထနာဒေသရှိ APL ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၁၂ ဦး၏ လုပ်အားခများကို သူဌေးက ထုတ်မပေးခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

အလုပ်သမားများ၏ လုပ်ခလစာ နှစ်လစာမှ သုံးလစာအထိ ရရှိရန် ကျန်ရှိနေပြီး တစ်ဦးလျှင် အနည်းဆုံး ဘတ် နှစ်သောင်းကျော် ရရှိမည်ဖြစ်သဖြင့် စုစုပေါင်း ဘတ် ၄ သန်းကျော်ရှိကြောင်း အလုပ်သမားများက ပြောသည်။

လုပ်အားခ မရဘဲ နှစ်လကျော်ကြာပြီးနောက် လုပ်အားခပေးရန် မြန်မာအလုပ်သမားများက ဆန္ဒပြတောင်းဆိုရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလုပ်ထုတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။  

အလုပ်ထုတ်ခံရပြီးနောက် အခန်းရှိ ရေ၊ မီး အားလုံးလည်း ဖြတ်တောက် ခံထားရကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။

“အခု စားဖို့ သောက်ဖို့တောင်မှ အခက်အခဲဖြစ်နေတာပေါ့။ လုပ်အားခလည်း မရဘူး။ မိသားစုကို ပို့ဖို့ နေနေသာသာ စားဖို့သောက်ဖို့တောင် အခက်အခဲဖြစ်နေတာပဲ” ဟု ၎င်းက ပြောသည်။

လုပ်အားခ တစ်လစာ မရရှိကတည်းက အလုပ်သမားများက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို တိုင်ကြားပေးရန် စာရေးမဖြစ်သူကို ပြောကြားရာ စာရေးမက တိုင်ကြားပေးထားပြီဟု လိမ်ညာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

လုပ်အားခ မရရှိသောအချိန် တစ်လမှ နှစ်လအထိ ကျော်လွန်လာခဲ့သဖြင့် အလုပ်သမားများက အလုပ်ရှင်ထံ လုပ်အားခ တောင်းဆိုခဲ့ခြင်းသာဖြစ်ပြီး အကယ်၍ မဖြေရှင်းပေးပါက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး သို့ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း Union Brothers အဖွဲ့မှ တာဝန်ရှိသူ ကိုမိုက်ကယ်က ပြောသည်။

“သူတို့ (စာရေး) တိုင်ထားပေးတယ်ပေါ့။ ဆာဝါဒီကန်ကို (အလုပ်သမားရေးရုံး) တိုင်ပေးတယ်ဆိုပြီး လနဲ့ချီ ရှိနေပြီ။ ဘာမှအကြောင်းပြန်မကြားလာဘူး။ တကယ်တိုင်ထားရင် ရုံးချိန်းရရမယ်လေ။ ဒါကို ကျွန်တော်တို့က ဆက်တိုင်သွားဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာလ နောက်ဆုံးပတ်တွင်လည်း အဆိုပါနေရာတွင် မြန်မာအလုပ်သမား ၂၃၀ ကျော်၏ လုပ်အားခ ဘတ် ၆ သန်းကျော်ကို ကမ္ဘောဒီးယား အလုပ်သမားခေါင်းဆောင်က မထုတ်ပေးဘဲ လိမ်ပြေးသွားခဲ့ ဖူးကြောင်း Union Brothers အဖွဲ့ထံမှ သိရသည်။