တောင်ပိုင်းဒေသက စစ်ရေး

0
1307

စစ်အာဏာသိမ်းပြီး ရက်ပေါင်းတစ်ထောင်ကျော်လာချိန်တွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တွန်းလှန် တိုက်ခိုက်မှုများလည်း ပိုမိုအရှိန်အဟုန်ကောင်းလာနေသည်။

နွေဦးတော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေခဲ့သည်မှာ မဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ညီနောင်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းမြောက်တစ်ခွင်တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့သည်။

ယင်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး မကြာခင်တွင်ပင် ၁၁၁၁ စစ်ဆင်ရေးဖြင့် ကယား (ကရင်နီ) ပြည်နယ်တွင်လည်းကောင်း ရက္ခိုင့်တပ်တော် AA ၏ ရခိုင်ပြည်နယ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်မှုများကြောင့်လည်းကောင်း တော်လှန်ရေး အရှိန်အဟုန် ပိုတက်လာခဲ့သည်။

အိန္ဒိယနယ်စပ်မှ ကုန်သွယ်ရေးမြို့များ၊ တရုတ်နယ်စပ်မှ မြို့များကိုလည်း ချင်းနှင့် ရှမ်းဒေသ လက်နက်ကိုင်အဖွဲ့များက သိမ်းထားနိုင်ပြီဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးမှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ မြန်မာနိုင်ငံအနှံ့ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေကြသည်။

အထူးသဖြင့် မြန်မာပြည်အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ နယ်စပ်မြို့များ၊ ကရင်နီပြည်နယ်ရှိ မြို့တော်လွိုင်ကော်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်နေကြခြင်းဖြစ်သည်။

ယင်းသို့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို အောင်မြင်စွာ ဆက်တိုက်ပြုလုပ်နေသဖြင့် ကျန်ဒေသများတွင်လည်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ရန် ပြည်သူလူထုက လိုလားနေကြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဘောင်ကျယ်လာချိန် မြို့ရွာများ၊ စခန်းများကို စစ်ကောင်စီက လက်လွှတ်နေရချိန်တွင် တနင်္သာရီတိုင်းတွင်လည်း မြို့သိမ်းတိုက်ပွဲများ ဖြစ်လာရန် ပြည်သူများက မျှော်လင့်နေကြသည်။

အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်အထိ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအဖွဲ့ပေါင်း ၆၀ ကျော်ရှိပြီး နေရာဒေသအချို့ကို စိုးမိုးထားနိုင်ခဲ့သည်။

သို့သော် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် စခန်းငယ်အချို့ကို တိုက်ခိုက်ခြင်း၊ မိုင်းခွဲခြင်းများသာ လုပ်ဆောင်နိုင်သော အခြေအနေတွင်သာ ရှိနေသည်။ ယင်းကြောင့် တနင်္သာရီတိုင်းတွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်ရန် နီးစပ်ပြီလားဆိုသည့် အပေါ် မေးခွန်းထုတ်မှုများ ရှိလာနေသည်။

တိုင်းအတွင်းက တော်လှန်ရေးအဖွဲ့များ

တိုင်းအတွင်း လက်နက်ကိုင်တပ်များကို အကြမ်းအဖျင်း ခွဲခြားပါက သက်တမ်းရှည် တိုင်းရင်းသား လက်နက်ကိုင်တပ်များ၊ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်များဟူ၍ နှစ်မျိုးရှိသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ KNLA တပ်ရင်းများ၊ KNU မှ ခွဲထွက်လာသည့် ကော်သူးလေ တပ်မတော် KTLA စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များရှိနေသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေး လက်အောက်ခံတပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်များနှင့် သီးခြားရပ်တည်နေသည့် Local ဒေသကာကွယ်ရေးတပ်များ ရှိသည်။

တော်လှန်ရေးအဖွဲ့များမှာ ပုံစံအမျိုးမျိုးဖြင့် ရှိနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၆၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။

၂၀၂၂ ခုနှစ်က KNU တပ်မဟာ (၄) နှင့် တနင်္သာရီတိုင်း ပြည်သူကာကွယ်ရေးတပ်တာဝန်ရှိသူများက ကေအဲန်ယူနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ BCT ) ကို ဖွဲ့စည်းထားသည်။

ထားဝယ်ခရိုင်

ထားဝယ်ခရိုင်အတွင်း ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်တို့ရှိပြီး ဧရိယာစတုရန်းမိုင် ၅၄၀၇ မိုင် ကျယ်ဝန်းသည်။

ထားဝယ်ခရိုင်တွင်လည်း တပ်ဖွဲ့များစု၍ စစ်ကြောင်းဖွဲ့ပြီး စစ်ကောင်စီပစ်မှတ်နေရာများကို တိုက်ခိုက်မှုများရှိသော်လည်း စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲများ အားမကောင်းလှသေးပေ။

ခရိုင်အတွင်း KNLA တပ်များ၊ ကော်သူးလေ KTLA တပ်များ၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေး အောက်ရှိ တပ်ရင်း ၂ ရင်းနှင့် ဒေသကာကွယ်ရေးအဖွဲ့များရှိနေပြီး နေရာအများစုမှာ KNU ၏ KNLA တပ်၏ ထိန်းချုပ်ဒေသများဖြစ်သည်။

ထို့အပြင် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် NUG ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေး လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နှင့် ဒေသကာကွယ်ရေးတပ် စုစုပေါင်းဆယ်ချီရှိသည်။

စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှာ ခြေမြန်တပ်မအသွင်ဖွဲ့စည်းထားသည့် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (တိုက်ခိုက်ရေးတပ်ရင်း ၁၀ရင်း) နှင့် မြို့စောင့်တပ်များ၊ အမြောက်တပ်နှင့် လက်ရုံးတပ်များလည်း ရှိသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ များသည် ကက (ကြည်း) က တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ လိုအပ်သလိုစစ်ကစားနိုင်ရန် ဖွဲ့စည်းထားသည်။

ထိုကြောင့် စကခ ၈ လက်အောက်ခံ တပ်ရင်းအများစုမှာ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးထွက်နေရပြီး နောက်ချန်တပ် ၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ် (တိုင်းတပ်) များနှင့် လက်ရုံးတပ်များဖြင့် စစ်ကစားနေသည်။

ထို့အပြင် စစ်ကောင်စီရေတပ် (မောရဝတီ) လည်းရှိနေသည်။

တစ်ဖက်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ ၄ ဌာနချုပ်လည်းရှိသလို ကော်သူးလေတပ်မတော်ကလည်း အဓိကလှုပ်ရှားနေသည်။

နွေဦးတော်လှန်ရေးတပ်အချို့နှင့် လက်တွဲပြီး တိုက်ပွဲဖော်ဆောင်နေသည့် တပ်မဟာ ၄ လက်အောက်ခံ KNLA ၏ တပ်ရင်း၊ တပ်ခွဲ အချို့သာရှိသဖြင့် KNU ၏ KNLA တပ်များက စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ရာတွင် ထဲထဲဝင်ဝင်ပါဝင်ခြင်း မရှိဟုဆိုကာ ဒေသခံများနှင့်တော်လှန်ရေးအစုအဖွဲ့များအကြား ပြစ်တင်ပြောဆိုမှုများ ကျယ်လောင်ခဲ့သည်။

KNU ၏ အခြားတပ်မဟာများကဲ့သို့ စစ်ကောင်စီတပ်အား အင်ပြည့်အားပြည့် ပါဝင် တိုက်ခိုက်မှု မရှိခြင်းက မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများ မဖော်ဆောင်နိုင်သည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ရှုမြင်သည်။

အကြောင်းမှာ တိုက်ခိုက်ရေးဗျူဟာ၊ လက်နက်ခဲယမ်းနှင့် တပ်အင်အားအရ တိုင်းရင်းသား လက်နက်ကိုင်တပ်က ဦးဆောင်သည့် နေရာများတွင် မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေကြသည်။

KNU တပ်မဟာ ၄ ဌာနချုပ်ရှိသလို ကော်သူးလေတပ်မတော် KTLA ၏ ဆာကဆောတပ်မတည်ရှိသည့် ထားဝယ်ခရိုင်တွင်မူ ပြောစမှတ်တွင်မည့် စခန်းသိမ်း မြို့သိမ်းတိုက်ပွဲများ မဆင်နွှဲနိုင်သေးသည့်အပေါ် လူထုက အားမလိုအားမရဖြစ်နေကြသည်။

တစ်ဖက်တွင်လည်း KNU နှင့် ကော်သူးလေတပ်မတော်တို့အကြား ပဋိပက္ခနှင့် စစ်ရေးတင်းမာမှုများ ဆက်တိုက် ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်မှု အားပျော့နေသည့်အပေါ် ပြည်သူအများစုက မေးခွန်းထုတ်နေကြသည်။

မြိတ်ခရိုင်

မြိတ်ခရိုင်ကို မြို့နယ် လေးခုဖြင့် ဖွဲ့စည်းထားပြီး ဧရိယာစတုရန်းမိုင် ၇၇၈၃ မိုင် ကျယ်ဝန်းသည်။

ခရိုင်အတွင်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအောက်ရှိ တပ်ရင်း ၂ ရင်းနှင့် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးအဖွဲ့များရှိနေသည်။

ထို့အပြင် KNU ၏ KNLA တပ်များ၊ ကော်သူးလေတပ်မတော် KTLA တပ်များလည်းရှိသည်။

မြိတ်ခရိုင်အတွင်းရှိ တော်လှန်ရေးတပ်များ၏ ထူးခြားချက်မှာ တစ်ခါတစ်ရံတွင် KNU ၊ KTLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့အပြင် တော်လှန်ရေးတပ်အချို့ပူးပေါင်းထားသည့် စစ်ကြောင်းများလည်း ရှိသည်။

စစ်ကောင်စီဘက်တွင်မူ မြိတ်မြို့တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိသလို ၎င်းလက်အောက်ခံတပ်များ၊ အမြောက်တပ်နှင့် လက်ရုံးတပ်များရှိသည့်အပြင် စစ်ကောင်စီရေတပ်လည်း ရှိသည်။

သို့ရာတွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ မဆင်နွှဲသေးသည့်အပေါ် အားမလိုအားမရဖြစ်မိကြောင်း မြိတ်ဒေသခံအချို့က ဆိုသည်။

“သတင်းတွေကြည့်ပြီး အထက်မြို့တွေ မှာ စခန်းတွေ မြို့တွေသိမ်းနေတာ အားကျစရာကြီး။ ကိုယ့်တိုင်းမှာကျတော့ မြို့ မပြောနဲ့ စခန်းတောင် မသိမ်းနိုင်သေးတာ အားမရဘူးပေါ့” ဟု အသက် ၆၀ အရွယ် မြိတ်ဒေသခံက ပြောသည်။

သို့ရာတွင် မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်များတွင် တော်လှန်ရေးတပ်များ အားကောင်းပြီး ကျေးရွာအုပ်စုအများစုကို ထိန်းချုပ်ထားနိုင်သည်။

ထို့အပြင် မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် KNU/KNLA တပ်မဟာ(၄)၊ ကရင်အမျိုးသားများ ကာကွယ်ရေးအဖွဲ့ (KNDO) ၊ KTLA ကော်သူးလေတပ်မတော် (KTLA) တပ်များက ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပေါင်းကာ စစ်ကြောင်း ၁ ၊ စစ်ကြောင်း ၂ ၊ ပုလောစစ်ကြောင်း၊ အထူးစစ်ကြောင်း စသည့် စစ်ကြောင်းများဖွဲ့စည်းကာ ပူးပေါင်းစစ်ဆင်ရေးများ ပြုလုပ်နေကြသည်။

“ကော်သူးလေက စစ်ရေးဖော်ဆောင်ရာမှာ အမြဲတမ်းပူးပေါင်းတယ်ပြောလို့ရတယ်။ KNDO တပ်ဖွဲ့ တွေလည်း ပူးပေါင်းကြတယ်။ KNU ကျတော့ တိုက်တဲ့အဖွဲ့တွေ တိုက်တယ်။ မတိုက်တဲ့အဖွဲ့က မတိုက်ကြသေးတာလည်းရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် တော်လှန်ရေးတပ်များက ကျေးရွာများကို ထိန်းချုပ်ထားနိုင်သော်လည်း စစ်ကောင်စီတပ်စခန်းကြီးများ၊ မြို့များကိုမူ မသိမ်းပိုက်နိုင်သေးပေ။

ကော့သောင်းခရိုင်

ကော့သောင်းခရိုင်တွင် မြို့နယ် ၂ ခုရှိပြီး အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင် ၁၃၆၈ မိုင်ဝန်းကျင် ရှိသည်။

ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသကာကွယ်ရေး အဖွဲ့များလည်းရှိသည်။

စစ်ကောင်စီဘက်တွင်မူ အမှတ် ၁၃ နှင့် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှစ်ခုရှိသည့်အပြင် တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ လက်ရုံးတပ်နှင့် ရေတပ်တို့ရှိသည်။

အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဘုတ်ပြင်းမြို့နယ်တွင်တည်ရှိပြီး အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှာ ခမောက်ကြီးမြို့တွင်ရှိကာ ၎င်းတို့၏လက်အောက်တွင် တိုက်ခိုက်ရေးတပ်ရင်းများ ရှိသည်။

ခရိုင်အတွင်းရှိ ကော့သောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ဆင်ရေးဖော်ဆောင်မှု အားနည်းနေသည်ကိုတွေ့ရပြီး ဘုတ်ပြင်းမြို့နယ်တွင် အားကောင်းသည်။

သို့ရာတွင် တိုင်းအတွင်းရှိ အခြားခရိုင်များနည်းတူ စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲများ မဆင်နွှဲနိုင်သေးဘဲ စစ်ကောင်စီတပ်စစ်ကြောင်းများ၊ စခန်းငယ်များကို တိုက်ခိုက်ခြင်းများသာ လုပ်ဆောင်နိုင်သည့် အခင်းအကျင်းဖြစ်နေသည်။

လက်နက်နှင့် ကျည်ဆန်လိုအပ်

တော်လှန်ရေးအဖွဲ့များ၏ အဓိက အခက်အခဲမှာ လက်နက်ခဲယမ်းဖြည့်တင်းနိုင်မှုဖြစ်ကြောင်း တောင်းပိုင်းမှ တော်လှန်ရေးလှုပ်ရှားသူများက သုံးသပ်ကြသည်။

လက်နက်ခဲယမ်းလိုအပ်ချက်ကို ပြည့်ပြည့်စုံစုံ မဖြည့်တင်းနိုင်ခြင်းမှာ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ရာတွင် အဓိက အဟန့်အတားဖြစ်နေသည့်အပြင် ဘန်ကာနှင့် ကတုတ်ကျင်းကဲ့သို့ အခိုင်အမာဆောက်လုပ်ထားသည့် စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ရေးမှာ RPG အပါအဝင် လက်နက်ကြီးလိုအပ်ချက်ကလည်း ရှိနေဟု တော်လှန်ရေးသမားများကဆိုသည်။

လက်ရှိစစ်ရေးဖော်ဆောင်ချိန်တွင် ၆၀ မမနှင့် ၈၁ မမကဲ့သို့ လက်လုပ်လက်နက်ကြီးများဖြင့် အဓိကထား တိုက်ခိုက်နေရကြောင်း တော်လှန်ရေးအဖွဲ့ ဦးဆောင်သူအချို့က ဆိုသည်။

သာဓကအနေဖြင့် ယခုနှစ် နိုဝင်ဘာလအတွင်းက ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကျောက်မဲတောင်စခန်းကို သိမ်းပိုက်ရန် ဝင်ရောက်တိုက်ခိုက်ချိန် တိုက်ပွဲအချိန် ၇ နာရီခန့်အကြာတွင် ကျည်ဆန်ကုန်သွားသဖြင့် ပြန်ဆုတ်လိုက်ရကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ် ဦးဆောင်သူတစ်ဦးက ပြောသည်။

ယင်းအပြင် မြိတ်မြို့နယ်ရှိ တုံးဗျောရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် ဝင်ရောက် တိုက်ခဲ့သော်လည်း ကျည်ဆန်ကုန်သွားသဖြင့် ပြန်ဆုတ်လိုက်ရသည့် ဖြစ်စဉ်များလည်းရှိသည်။

စုစည်းမှုနှင့် COC

နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ တိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စုစည်းညီညွတ်မှုနှင့် အမိန့်ပေးမှုစနစ် (Chain of command) အားနည်းနေဆဲဖြစ်ကြောင်း တော်လှန်ရေးဦးဆောင်သူအချို့က ဝန်ခံထားသည်။

ထိုအခြေအနေတွင် တော်လှန်ရေးအဖွဲ့များ စုစည်းညီညွတ်ရေးညှိနှိုင်း လုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရဲဘော်စတားက ဆိုသည်။

“အင်အားစုတွေအားလုံးရဲ့ တော်လှန်ရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်တွေ အခိုင်အမာရဖို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသဘောတူထားချက်တွေ လိုအပ်နေသေးတယ်လို့ ပြောချင်တယ်။ ဒါကိုလည်း သက်ဆိုင်သူတွေအားလုံးနဲ့ အဆင့်လိုက် ကြိုးစားလုပ်ဆောင်နေတာရှိပါတယ်” ဟု ရဲဘော်စတားက ပြောသည်။

လက်ရှိတွင် တနင်္သာရီတိုင်း၏ နယ်မြေခြောက်ဆယ်ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီး စခန်းသိမ်းမြို့သိမ်းတိုက်ပွဲများ မကြာမီကာလတွင် ဖြစ်လာတော့မည်ဖြစ်ကြောင်း ရဲဘော်စတား ကဆိုသည်။

“NUG အစိုးရရဲ့ တစ်နှစ် (one year plan) အရဆိုရင် အခုကာလက တိုက်ခိုက်သိမ်းပိုက်တဲ့ ကာလ ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်လည်း စခန်းသိမ်းတိုက်ပွဲတွေအနေနဲ့ ဖြစ်လာဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။