စိုးရိမ်နေရသည့် ‘ပေါ်တာ’

0
919
Crd - burma link (၂၀၁၃ ခုနှစ်က ပုံ​ဟောင်းဖြစ်သည်)

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူတိုင်းကြောက်ကြသည့် စကားလုံးတစ်ခုရှိသည်။ ယင်းမှာ ‘ပေါ်တာ’ ဆိုသည့်စကားဖြစ်သည်။

စစ်တပ်က အုပ်စိုးသည့် အချိန်တိုင်းတွင် ကျေးလက်ဒေသမှသူများမှာ အဓမ္မခိုင်းစေရန်အတွက် ပေါ်တာဆွဲလေ့ရှိသည်။

ပေါ်တာဆွဲခံရသူများမှာ အန္တရာယ်များသည့် ရှေ့တန်းစစ်မျက်နှာများသို့ ပစ္စည်သယ်ပေးရန်အတွက် အဓမ္မခိုင်းစေခံကြရသည်။

အချို့မှာ မိုင်းနင်းမိခြင်း၊ ကျည်ဆန်ထိမှန်ခြင်းတို့ကြောင့် သေဆုံးကြရသည်။

စစ်အစိုးရခေတ်တစ်လျှောက်လုံးတွင် ပေါ်တာဆွဲခံရမှုများ မကြာခဏကြုံရ၊ ကြားရပြီး အရပ်သားအစိုးရလက်ထက်တွင်တော့ ယင်းဖြစ်စဉ်များ လျော့ပါးသွားခဲ့သည်။

ယခုကာလတွင်တော့ ‘ပေါ်တာ’ ဆိုသော အသံများကျယ်ကျယ်ပြန့်ပြန့် ကြားလာရသလို စစ်ကြောင်းဝင်လာချိန်တွင် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လမ်းပြခိုင်းခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခြင်းတို့ ရှိလာနေသည်။

သို့သော် တနင်္သာရီတိုင်းသားများ ယခုပိုမိုစိုးရိမ်နေကြသည်က စစ်ကောင်စီတပ်က ပေါ်တာဆွဲနေသည်ဆိုသော သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခြင်းကြောင့်ဖြစ်သည်။

အချို့ဒေသများတွင် ပေါ်တာဆွဲမည်ကို ကြောက်ပြီးညဘက် နေအိမ်များတွင် မနေရဲဘဲ အခြားလုံခြုံမည် ထင်သောနေရာများတွင် သွားရောက်အိပ်ကြသည်များလည်း ရှိနေသည်။

ယင်းကြောင့် ဒေသခံများ စိုးရိမ်နေသည့်အခြေအနေများကို သိရှိနိုင်စေရန်အတွက် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“ပေါ်တာဆွဲတဲ့အချိန်ဆို ဆိုင်ကယ်နဲ့ ပြေးလို့လည်း မရဘူး။ ကြိုပြီးရှောင်နေမှရမှာ”

ရေဖြူမြို့နယ် ဇာဒီကျေးရွာ ဒေသခံတစ်ဦး

DW ။ ပေါ်တာဆွဲမှာ ကြောက်လို့ ညဘက်ရှောင်နေရတယ်လို့ကြားရတယ်။ အဲဒီအကြောင်း ပြောပြပေးပါလား။

ဖြေ ။ အရင်ကတော့ အိမ်မှာမအိပ်ရဲလို့ သူငယ်ချင်းတွေနဲ့အတူတူ တောထဲမှာသွားအိပ်ကြတာ။ အခုဆိုရင်တော့ တစ်ပတ်ကျော်ပြီ။ အခုတော့ မအိပ်တော့ဘူး။ အဖေက တခြားနေရာမှာ သွားအိပ်တယ်။ တချို့‌တွေကတော့ ကြံခင်းတွေထဲမှာ အိပ်ကြတာတွေရှိတယ်။ ကြောက်လို့။ မသိတဲ့သူတွေကတော့ ရွာထဲမှာပဲအိပ်ကြတယ်။

DW ။ ဘာလို့ရှောင်ပြီး အိပ်နေနေရတာလဲဆိုတာပါ ပြောပြပေးပါ။

ဖြေ ။ အဲဒါက စစ်တပ်ကနေ သတင်းထွက်လာတယ်။ ပျူစောထီးဘက်ကနေပြီးပေါ့။ ဒီရွာတွေမှာ လူဘယ်လောက်ခေါ်မယ် ဆိုပြီးတော့ပေါ့။ အဲဒီလိုပြောတဲ့သူက စစ်တပ်နဲ့ဆို အရမ်းအဆင်ပြေတဲ့သူ။ စစ်တပ်က စစ်ကြောင်းထိုးရင် လမ်းပြပေးနေကြ။ ပျူစောထီးပေါ့ ပြောရမယ်ဆိုရင်။

ကျွန်တော်တို့ဆို အခုနှစ်ခါဖြစ်ပြီ ပြေးနေကြရတာ။ ပေါ်တာဆွဲမယ်ကြားလို့။ အဲဒီလိုပြေးတဲ့အချိန်က စစ်တပ်က ရွာထဲရောက်လာတာရှိတယ်။ ဒါပေမဲ့ ဘာမှတော့မလုပ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့စိုးရိမ်နေတာ တစ်ခုတော့ရှိတယ်။ အဲဒါက ရွာသားတွေပေါ်တာ မဆွဲတော့ဘူး‌။ အေးဆေးဖြစ်သွားပြီထင်ပြီး ရွာပြန်လာကြတဲ့အချိန်မှ‌ ဆွဲမှာလားဆိုပြီး တွေးနေကြတယ်။ မဖမ်းတော့ဘူးပုံစံမျိုး အယုံသွင်းပြီး ရွာသားတွေ အိမ်ပြန်အိပ်တဲ့အချိန်မှာပဲ ဆွဲချင်‌ဆွဲမှာလား အဲဒီလိုသဘောမျိုးလားဆိုပြီး ပူနေရတယ်။

DW ။ ပေါ်တာဆွဲမှာကို စိတ်ပူနေရတယ်ဆို‌တော့ ရွာထဲမှာဘယ်လိုနေကြတာလဲ။

ဖြေ ။ ကျွန်တော်ကံပေါက်တိုက်နယ်မှာက ဆိုင်ကယ်စီးလို့မရဘူးလေ။ ပိတ်ထားတာ ၂ နှစ်ပြည့်တော့မယ်။ စီးရင်သူတို့ (စစ်ကောင်စီတပ်က) ပစ်တယ်။ အရင်တုန်းကလည်း ပစ်လို့ သေဖူးပြီးပြီ။ အဲ‌ဒါကြောင့် ပေါ်တာဆွဲတဲ့အချိန်ဆို ဆိုင်ကယ်နဲ့ ပြေးလို့လည်း မရဘူး။ ကြိုပြီးရှောင်နေမှရမှာ။ အဲဒါကြောင့် တစ်ရွာနဲ့ တစ်ရွာ ဖုန်းနဲ့အမြဲမေးနေရတယ်။ ဝင်လာဆွဲပြီဆို ပြေးလို့လွတ်အောင်ပေါ့။

DW ။ ပေါ်တာဆွဲခံလိုက်ရတာမျိုး ကြားရတာရှိလား။

ဖြေ ။ ပေါ်တာဆွဲလို့ပါသွားတာတော့ မရှိ‌ဘူး။ ဒါပေမဲ့ စစ်ကြောင်းထိုးရင်တော့ အဖမ်းခံရတာတွေ ရှိတယ်။ လမ်းမှာတွေ့တဲ့သူတွေကို လူသားဒိုင်းမျိုးပေါ့ ဖမ်းသွားတာတွေ ရှိတယ်။ အခုဆို ပေါ်တာဆွဲမယ်ဆိုပြီး ပြောနေကြတော့ ရွာထဲမှာလူတွေ တော်တော် ကြောက်နေကြတယ်။ မင်္ဂလာဆောင်တာကိုတောင် မသွားရဲကြဘူး။ ကျွန်တော်ကတော့ ပေါ်တာဆိုတာ မကြုံဖူးလို့လားမသိဘူး သိပ်မကြောက်ဘူး။ အဖေကတော့ တော်တော်ကြောက်တယ်။ သူကကြုံဖူးပြီးသားကိုး ကျွန်တော်က ပေါ်တာထက် စစ်ကြောင်းထိုးတာကို ပိုကြောက်တာ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကျွန်တော်တို့ဘက်မှာ အဓိက စိတ်ပူရတာကတော့ ရော်ဘာခြစ်သမားတွေပေါ့လေ။ ဒီဘက်မှာက ရော်ဘာလုပ်တာပဲ ရှိတာကိုး။ သူတို့ဆို ညဘက်ရော်ဘာခြစ်နေရတော့ ဆွဲခံလိုက်ရမှာကို စိတ်ပူကြတာပေါ့။ အဲဒါကြောင့်အခုဆို ရော်ဘာလည်း တချို့ မခြစ်ကြတော့ဘူး။ အဲဒါပဲစိတ်ပူကြတာ။ ရော်ဘာမခြစ်ရမှာကိုပဲလေ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ညဘက်ဆိုရင်တော့ အဲဒီလိုပဲ သတိထားပြီးနေနေရတာပေါ့။ တီဗွီတွေဆိုလည်း အသံတိုးတိုးပဲဖွင့်တယ်”

ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး

DW ။ ထားဝယ်မြို့မှာ ပေါ်တာဆွဲတာနဲ့ပတ်သက်ပြီး ဘာတွေကြားရတာရှိလဲ။

ဖြေ ။ သေတော့ မသေချာဘူး။ ဟို့လေးငါးရက်ကတော့ အဲဒီလိုပေါ့နော် ပေါ်တာဆွဲနေတယ်ဆိုပြီး ပြောသံတွေတော့ကြားရတယ်။ တကယ်ဆွဲလား မဆွဲလားတော့ မသိဘူး။

DW ။ ပေါ်တာဆွဲတာနဲ့ပတ်သက်ပြီး စိုးရိမ်တာမျိုးရှိလား။

ဖြေ ။ အမှန်တိုင်းပြောရရင်တော့ စိုးရိမ်တာပေါ့။ မဖြစ်ဘူးလို့လည်း တပ်အပ်မပြောနိုင်ဘူးလေ။ အခုက တစ်ခုခုဖြစ်ရင် လိုင်းပေါ်တင်ကြတာလည်း မရှိတော့ဘူးဆိုတော့ သူများနေရာမှာ ဖြစ်နေတာလား၊ မဖြစ်ဘူးလားဆိုတာလည်း မသိနိုင်တော့ဘူးလေ။

DW ။ ထားဝယ်လိုနေရာမျိုးမှာ ပေါ်တာဆွဲတာမျိုးဖြစ်လာနိုင်ပါ့မလား။ ဘယ်လိုမြင်လဲ။

ဖြေ ။ မပြောနိုင်ဘူးလေ။ ထားဝယ်မှာက ညဘက်သွားနေကြတဲ့ သူတွေလည်းရှိတော့ ဆွဲချင်လည်းဆွဲမှာပေါ့။ ပြီးတော့ ထားဝယ်က သူတို့ (စစ်ကောင်စီ) လက်အောက်မှာလေ။ သူတို့လုပ်ချင်သလိုလုပ်လို့ ရနေတာလေ။ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဖမ်းသွားလည်း ရတာနေတာပဲ။

DW ။ ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေတာဆိုတော့ ဘယ်လိုနေထိုင်နေရလဲ။

ဖြေ ။ ညဘက်တွေဆို အပြင်လုံးဝ မထွက်တော့ဘူးလေ။ အဲဒါကအခုမှ မဟုတ်ပါဘူး။ စဖြစ်ကတည်းကပဲ။ ညဘက်ဆို အပြင်မထွက်တော့ဘူး။ ‌ထင်တာကတော့ ပေါ်တာဆွဲမယ်ဆိုလည်း နေ့ဘက်တော့ ဆွဲမှာမဟုတ်ဘူး။ ညဘက်ပဲသူတို့ ဆွဲချင်ဆွဲမှာ။ ညဘက်ဆိုရင်တော့ အဲဒီလိုပဲသတိထားပြီးနေနေရတာပေါ့။ တီဗွီတွေဆိုလည်း အသံတိုးတိုးပဲဖွင့်တယ်။ သူများတွေပြောသံဆိုသံ မကြားရမှာစိုးလို့လေ။

DW ။ တခြားထားဝယ်မြို့ခံတွေကရော ပေါ်တာနဲ့ပတ်သက်ပြီး စိုးရိမ်နေတာမျိူး ရှိလား။

ဖြေ ။ ပေါ်တာလို့အသံကြားရင်တော့ ဘယ်သူပဲဖြစ်ဖြစ် စိုးရိမ်မှာပဲ။ မသိရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ အခုလက်ရှိအခြေအနေမှာတော့ သိပ်ပြီးစိုးရိမ်နေကြတာမျိူး ပြောသံဆိုသံ မကြားရဘူး။ ဟိုးလေးငါးဆယ်ရက်ကပဲ အဲဒီလိုကြားရတာ။ အခုတော့ မကြားရတော့ဘူး။

DW ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ပေါ်တာဆွဲတာ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းပေးချင်ပါတယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ပေါ်တာဆွဲတာအမှန်ဆိုရင် အရပ်ထဲမှာ ဘယ်ရက်တုန်းက ဘယ်သူတွေပါသွားတယ် ကြားရမှာပေါ့။ အခုက ဒီလိုမကြားရပါဘူး”

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စုရှိ ရပ်ကွက်တစ်ခုမှ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး

DW ။ ပေါ်တာဆွဲနေတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားရလဲ။

ဖြေ ။ ပေါ်တာကိစ္စကက အသံထွက်လိုက်သေးတယ်။ ဒါပေမဲ့ ဘာမှ ထပ်မကြားရပါဘူး။ ပေါ်တာဆွဲခံထိတာလည်း အသံမကြားရဘူးဗျ။

DW ။ ညဘက်တွေဆို ပေါ်တာဆွဲနေတယ်လို့ ပြောဆိုတာတွေ ရှိနေတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ တချို့ကတော့ ပြောကြာတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ ကိုယ်တိုင်မြင်လိုက်ရတာမဟုတ်ဘူး။ ပေါ်တာဆွဲတာ အမှန်ဆိုရင် အရပ်ထဲမှာ ဘယ်ရက်တုန်းက ဘယ်သူတွေပါသွားတယ် ကြားရမှာပေါ့။ အခုက ဒီလိုမကြားရပါဘူး။တစ်ခုတော့ရှိတယ် ညဘက်လမ်းထွက်လို့ ဖမ်းခံထိတယ်၊ ရဲအက် (မှောင်ရိပ်ခိုမှု) နဲ့ ထောင်တစ်လချတာတွေတော့ ရှိတယ်ဗျ။ အဲဒါကတော့ ညတိုင်းလိုလိုဖမ်းတယ်။ ညမထွက်ရကြေညာထားတဲ့ အချိန်တွင်းမှာ ထွက်ကြတဲ့ တွေ့တဲ့သူကို ဖမ်းကြတာပေါ့။

DW ။ ဒါဆိုရင် ပေါ်တာဆွဲနေတယ်ဆိုတာ အမှန်မဟုတ်ဘူးလို့ ပြောလို့ရနိုင်မလား။

ဖြေ ။ လုံးဝကြီး တစ်ရာပါစင့်ကြီး (ရာနှုန်းပြည့်) အထိ ပေါ်တာမဆွဲဘူးဆို‌တာတော့ တပ်အပ်ပြောလို့ မရဘူးပေါ့။ကိုယ့်မြို့ထဲမှာပဲ ကိုယ်နဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ဆွဲချင်ဆွဲနေနိုင်တယ်။ အလှမ်းဝေးတော့ မသိလိုက်ရတာမျိုး ရှိကောင်းရှိနိုင်တာပေါ့။ ပြီးတော့ အခုခေတ်က တစ်ခုခုဆို လိုင်းပေါ်တင်ကြပြောကြပေမယ့် ဖမ်းခံထိတာ၊ နိုင်ငံရေးကိစ္စတွေပေါ့၊ အဲဒါတွေကြတော့ အရင်တုန်းက လိုင်းပေါ်တင်ကြပေတယ်။ နောက်ပိုင်းကျတော့ မတင်ကြတော့ဘူး။ နီးရာရင်းရာက တစ်ဆင့် ပြန်ပြောပြလို့ သိရမျိုးပဲရှိတာ။ တစ်ခါတစ်လေ ကိုယ့်အရပ် ကိုယ့်အနီးအနားမှာပဲ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းမိလို့ ပြန်လွှတ်ပြီးမှ သိလိုက်ရတာတွေ ရှိနေတာကိုး။

DW ။ ပေါ်တာဆွဲတာတွေ ရှိလာနိုင်မလား။

ဖြေ ။ ပြောဖို့ခက်တယ်။ သူတို့ခေတ်ပဲကိုး ဆွဲချင်လည်း ဆွဲမှာပါ။ မြို့ပေါ်မှာ မရှိရင်တောင် နယ်တွေ ရွာတွေဘက်မှ ရှိလာနိုင်တယ်။ ပုလောနဲ့ တနင်္သာရီမြို့မှာကျတော့ စစ်အုပ်ချုပ်ရေး ကြေညာထားတာဆိုတော့ အဲဒီမြို့ဘက်တွေမှာ ပေါ်တာဆွဲတာတွေရှိနိုင်တယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“စစ်တပ်က ဟိုးအရင်ကတည်းက ပေါ်တာဆွဲနေကြပဲ”

ပုလောမြို့နေ အသက် ၆၀ ကျော်အမျိုးသားတစ်ဦး။

DW ။ ပုလောဘက်မှာ စစ်ကောင်စီက ပေါ်တာဆွဲနေတွေ ရှိနေလား။

ဖြေ ။ မြို့ပေါ်မှာတော့ မရှိပါဘူး။ နယ်ဘက်တွေကျတော့ ရှိတယ်။ စစ်ကြောင်းတွေ ရွာတွေဘက် ဝင်ကြလို့ ပြေးကြရတာဆိုတော့ စစ်တပ်က နီးရာလူဖမ်းဆီးပြီး ခေါ်သွားတာမျိုးတွေ ကြားရတယ်။

DW ။ စစ်ကြောင်းက ဖမ်းခံရသူတွေက ပေါ်တာဆွဲခံရတဲ့ သဘောလား။

ဖြေ ။ စစ်ကြောင်းက ဖမ်းပြီး ပစ်သတ်ခံရတာရှိမယ်။ သူတို့ဝင်လာတဲ့ ရွာထဲ၊ လမ်းထဲတွေ့သမျှ ပစ်သတ်တာရှိတယ်။ တိုဘက်မှာဆိုရင် အရူးတောင်လွှတ်မပေးဘူး။ လမ်းပေါ်မှာတွေ့လို့ ပစ်သတ်ခံရတာ။ ဖမ်းခေါ်သွားပြီး သုံးလေးရက်ကြာမှ ပြန်လွှတ်ပေးလိုက်တာရှိတယ်။ ပြန်လွှတ်ပေးလိုက်တာက ပေါ်တာဆွဲပြီး စစ်ကြောင်းထဲခေါ်သွားတဲ့သဘောပဲ။ သူတို့လိုချင်တဲ့နေရာ ရောက်သွားရင် ပြန်လွှတ်လိုက်တာပေါ့။

DW ။ ရွာသားတွေကို ပေါ်တာဆွဲသွားတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ စစ်တပ်က ဟိုးအရင်ကတည်းက ပေါ်တာဆွဲနေကြပဲ။ အခုလို တိုက်ပွဲခဏခဏဖြစ် စစ်ကြောင်း ခဏခဏဝင်နေတဲ့အချိန်မှာ ပေါ်တာဆွဲကြမှာပဲ။ ဒါက အစဉ်လာတစ်ခုလို့ ဖြစ်နေပါပြီ။ ပြီးတော့ ပုလောက စစ်အုပ်ချုပ်ရေးမြို့နယ်ကိုး။

DW ။ အရင်တစ်ချိန်က ပေါ်တာဆွဲတာနဲ့ အခုပေါ်တာဆွဲတာ ဘာများကွာခြားချက်ရှိမလဲ။

ဖြေ ။ နှစ်ပေါင်းသုံးဆယ်ကျော် လေးဆယ်လောက်ရှိမယ်။ အဲဒီတုန်းက မြို့ပေါ်တွေမှာလည်း ပေါ်တာဆွဲတာပဲ။ ညဘက်အလုပ်ပြန်ချိန်မှာ ဖမ်းကြတယ်။ စစ်ကြောင်းထဲလိုက်ရတာပေါ့။ စစ်တပ်က ခိုင်းတဲ့အတိုင်းလုပ်ရတယ်။ အထုတ်အပိုးတွေ ရိက္ခာတွေ သယ်ပေးရတယ်။ နောက်တစ်ချက်က အရပ်ထဲမှာဆိုရင် ပေါ်တာကြေး တစ်အိမ်ကို ဘယ်လောက်ဆိုပြီး ပေးရတယ်။ ရာဂဏန်းပဲ သေချာမမှတ်မိတော့ဘူးဗျ။ ပိုက်ဆံတွေကောက်ပြီး လူငှားပြီး ထည့်ပေးရတာပေါ့။ အခုပေါ်တာဆွဲနေတာက အရင်လို မဟုတ်ဘူး။ စစ်ကြောင်းဝင်လာတဲ့ ရွာတွေဘက်က တွေ့တဲ့သူကို ဆွဲခေါ်သွားတာ အခြေအနေတွေက မတူဘူးပေါ့။

DW ။ မြို့ပေါ်ဘက်မှာရော ပေါ်တာဆွဲတာတွေ ရှိလာနိုင်မလား။

ဖြေ ။ လောလောဆယ် မရှိသေးဘူးဆိုပေမယ့် ရှိလာချင်လည်း ရှိလာနိုင်တယ်။ အခုအခြေအနေက ခေတ်မကောင်းတော့ ညဘက်အပြင်ထွက်တဲ့သူတောင်မရှိပါဘူး။ မိုးချုပ်ဆို တံခါးပိတ် အိပ်တာပဲ များကြတယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။