ဆမီးမြို့ ဗျူဟာကုန်းကို AA တိုက်ခိုက်၊ ဆမီးဒေသခံအားလုံးနီးပါးထွက်ပြေးရ

0
1055

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်နေပြီး ဆမီးဒေသခံ အားလုံးနီးပါး ထွက်ပြေးနေရကြောင်း AA ထုတ်ပြန်ချက်နှင့် ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

ဆမီးမြို့တွင် အခိုင်အမာ စခန်းချထားသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယင်းနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အမြောက်အများ ပစ်ခတ်ခဲ့ပြီး ဆမီးဒေသခံ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲပြင်းထန်လာလျှင် လမ်းပိတ်ဆို့ခံရမည်ကို စိုးရိမ်သဖြင့် တိုက်ပွဲစတင်ဖြစ်ပွားချိန်ကပင် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။

ဆမီးမြို့တွင် လူဦးရေ ရှစ်ထောင်နီးပါး နေထိုင်ကြပြီး အားလုံးနီးပါးမှာ ထွက်ပြေးတိမ်းရှောင်နေကြရကာ ကျေးရွာများနှင့် တောင်ပေါ်တို့တွင် နေထိုင်နေကြရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

တိုက်ပွဲမှာ ဒီဇင်ဘာလ ၁၆ ရက်အထိ အပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

ရခိုင်ပြည်နယ်က မြို့နယ် ၁၅ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော်ကို သိမ်းယူထားကြောင်း AA က ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်တွင် ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာ နှစ်ခုအပါအဝင် စခန်း ၁၇ ခု သိမ်းယူထားကြောင်းလည်း AA က ဆိုသည်။