နမ့်ဆန်မြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို တအာင်းတပ်သိမ်းယူ

0
935

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးနှင့် ဌာနဆိုင်ရာရုံးများကိုသိမ်းယူကာ မြို့ကို အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ယနေ့ ဒီဇင်ဘာလ ၁၇ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်က ဒီဇင်ဘာလ ၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ခြောက်ရက်ကြာ တိုက်ခိုက်ပြီးနောက် တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်စခန်းများ၊ ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတို့ကို အလုံးစုံသိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာ အမြောက် လေးစင်း၊ လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်သားအလောင်း ၆၀ ကျော်ရရှိပြီး စစ်ကောင်စီတပ်သား ၃၀ဦး၊ ရဲခြောက်ဦးနှင့် မိသားစုဝင် ၂၈ ဦးကိုလည်း ဖမ်းမိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် Mi35 တစ်ကြိမ်၊ ATR-42 လေယာဥ်ဖြင့် ငါးကြိမ်၊ ဂျက်တိုက်လေယာဉ်ဖြင့် ၁၉ကြိမ်၊ Y12 လေယောဉ်ဖြင့် ငါးကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA ထံမှ သိရသည်။

ယင်းအပြင် မန်တုံမြို့နယ် ခလရ-၁၃၀ တပ်စခန်းကလည်း လက်နက်ကြီးဖြင့် အကြိမ်ရေများစွာ နမ့်ဆန်မြို့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး ပတ္တမြားစေတီရှိ ဘုရားများ လေကြောင်းပစ်ခတ်သည့် ဗုံးစထိမှန်ပျက်စီးခြင်း၊ မူလတန်းကျောင်းတစ်ကျောင်း၊ လူနေအိမ် ၄၀ ကျော် လေကြောင်း ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးကြောင်း ဆက်လက်ဖော်ပြသည်။