ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1366

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။

ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်ရွှေဈေးမှာ ရုတ်တရက်ဈေးတန်းအမြင့်တွင် အပြောင်းအလဲနည်းနည်းဖြင့် ရောင်းချနေသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင် ဈေးဖွင့်ထားခဲ့သည်။

ထိုင်းဘတ်ဈေးမှာ တစ်အိအိဖြင့် တက်ရိပ်ပြခဲ့ပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၇ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့သည်။ 

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၂၄  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာမူ တိုက်ပွဲနှင့် သယ်ယူရာလမ်းကြောင်း အခက်အခဲ၊ ပြည်ပမှ စက်သုံးဆီဝင်ရောက်မှု မလုံလောက်ခြင်းများကြောင့် ဈေးကွက်အတွင်း အစိုးမရဖြစ်နေသည်။

ထိုကြောင့်လည်း ဓာတ်ဆီဈေးမှာ တက်လိုက် ကျလိုက်ဖြင့် မတည်မငြိမ်ဖြစ်နေပြီး ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၅၃၅ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၅၀ ကျပ်မှ  ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင်  အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေနိုင်သည်။

နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမို ပြင်းထန်လာခြင်းနှင့် နိုင်ငံစီးပွားရေးမတည်ငြိမ်မှုများက ရွှေဈေးကို အတက်ဘက်ရောက်အောင် တွန်းတင်နေသည့်အကြောင်းအရင်းများ ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့ရွှေဈေးလည်း တက်ရိပ်ပြလာပြီး တစ်အောင်စလျှင် ၂၀၂၀ ဒေါ်လာ ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၀၀၄ ဒေါ်လာသာ ပေါက်ဈေးရှိသည်။

ထိုအခင်းအကျင်းများကြောင့် ပြည်တွင်းရွှေဈေးမှာ အတက်ဈေးတွင် အလှုပ်အခတ်နည်းနည်းဖြင့် ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့် ဆက်နွယ်နေသည့်အတွက် အတက်ဈေးတွင် ဆက်ရှိနေမည်ဖြစ်သည်။

သို့သော် ပြည်တွင်းနှင့် နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးနေသည့်အတွက် အတက်ကြမ်းမည့် အနေအထားမရှိနိုင်ပေ။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

တစ်ဖက်တွင်လည်း ဒေါ်လာငွေလဲနှုန်းက ငြိမ်နေပြီး  တစ်ဒေါ်လာလျှင် ၃၅၅၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းအခြေအနေနှင့် MOGE အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် စက်သုံးဆီဈေးတက်လာခြင်းဖြစ်သည့်အတွက် ပြန်ကျမည့် အရိပ်အယောင် မတွေ့ရပေ။

ထို့အပြင် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုကြောင့် မြို့တိုင်းနီးပါးတွင် တန်းစီဝယ်ယူနေရပြီး စက်သုံးဆီမလုံလောက်မှုဖြင့် ရင်ဆိုင်နေရသည်။

ထို့အခင်းအကျင်းများကြောင့် စက်သုံးဆီဈေးမှာ လက်ရှိဈေးထက် ပြန်ကျမည့် အရိပ်အယောင် မတွေ့ရပေ။