ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NUG ၏ဒေါနတပ်ခွဲ ၄ အဖြစ် ပြောင်းလဲဖွဲ့စည်း

0
1386

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသအခြေစိုက် ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က အမျိုးသားညီညွှတ်ရေးအစိုးရ ၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဒေါနစစ်ကြောင်း၏ တပ်ခွဲ၄ အဖြစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စတင်ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်က သတင်းထုတ်ပြန်သည်။

“ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ကနေ ဒေါနစစ်ကြောင်း တပ်ခွဲ ၄ အဖြစ်တာဝန်ပေးတာပါ။ အသေးစိတ် အချက်အလက် အင်အား ကိုယ်ရေး အချက်အလက် အားလုံးတင်ပြီးမှ တပ်ခွဲအဖြစ် ချတာပါ ။ တပ်ခွဲစုစည်းမှုအတွက် တစ်လခွဲလောက်ကြာတယ်။ တည်ဆောက်နေတာကတော့ အချိန်ရှစ်လလောက် သင်တန်း လက်နက် လူအင်အား ပြင်ဆင်ပြီး အခု ပြန်စတာပါ “ ဟု ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ က ပြောပါသည်။

ဒေါနတပ်ခွဲ ၄ ၏ ပထမဆုံးစစ်ဆင်ရေးအဖြစ် ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ် ၊ အရာရှိအိမ်ရာများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သည့် စစ်ဆင်ရေးဖြင့်စတင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၉ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ အဖြစ်စတင်ခဲ့ပြီး မြို့နယ်ပကဖ အဖွဲ့ဝင်တပ်ဖွဲ့ အဖြစ်ဝင်ရောက်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လတွင် ပြန်လည်နုတ်ထွက်ခဲ့သည်။

ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်အခြေစိုက် တော်လှန်ရေးအင်အားစုများ နှင့် မဟာမိတ်တည်ဆောက်မှု အားကောင်းသည့်တပ်ဖွဲ့ဖြစ်ပြီး ရှေ့ဆက် အခြားမဟာမိတ်များနှင့် စုစည်းမှုအားကို ကွန်ရက်တစ်ခုကဲ့သို့ ဖြန့်ပြီး လုပ်ဆောင်နေကြောင်းလည်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယင်းအပြင် ထားဝယ်ဒေသရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့နှင့် ပကဖတပ်ဖွဲ့၂ဖွဲ့ဖြင့်စုစည်း ထားသည့် ကျားနက်စစ်ကြောင်းနှင့်လည်း ဆက်လက်လက်တွဲသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ မွန်ပြည်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ (MSRO)ကိုလည်း ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ဖွဲ့တစ်ခုအဖြစ် တာဝန်ထမ်းဆောင်ရန် တောင်ပိုင်းစစ်ဒေသ ၊ အမှတ်၃ စစ်ဒေသခွဲ က ဒီဇင်ဘာလ ၁၃ ရက်က ခွင့်ပြုလိုက်သည်။