စစ်ကောင်စီကို အခွန်မပေးရေး မြန်မာလုပ်သားများ ဘန်ကောက်တွင် ဆန္ဒပြ

0
921

စစ်ကောင်စီသံရုံးကို ဝင်ငွေခွန်မပေးရေးအတွက် မြန်မာအလုပ်သမားများ ယနေ့ (ဒီဇင်ဘာ ၁၇) နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ (UN) တွင် ဆန္ဒပြခဲ့ကြသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းရောက်မြန်မာအလုပ်သမားများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်ပေးချေရန် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

စစ်ကောင်စီသံရုံးကလည်း နိုင်ငံကူးလက်မှတ်စာအုပ်လဲလှယ်သူများအား ဝင်ငွေခွန် သုံးလစာ ဘတ် ၄၅၀ ကို ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ မဖြစ်မနေ ပေးဆောင်ခိုင်းနေကြောင်း သံရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

မြန်မာအလုပ်သမား ၅ သန်းခန့်ရှိသော ထိုင်းနိုင်ငံတွင် တစ်လလျှင် ဘတ် ၁၅၀ နှုန်းဖြင့် ကောက်ခံခြင်းသည် အလုပ်သမားများကို အကျပ်အတည်းတွေ့အောင် လုပ်ခြင်းနှင့် ဝင်ငွေဂုတ်သွေးစုပ်ခြင်းသာဖြစ်ကြောင်း ဆန္ဒပြမှုကို ဦးဆောင်သူ ထားဝယ်သူတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က ကျွန်မတို့ အလုပ်သမားတွေဘက်ကို အသုံးချလာတာပဲမြင်တယ်။ အလုပ်သမားတွေ အကူအညီတောင်းလိုက်ရင် ဘယ်တော့မှ မကူညီတဲ့အပြင် အခွန်ပါလိုချင်နေတာဆိုတော့ ဒါအကြံကုန်ပြီပေါ့။ သူတို့ကို အခွန်ဆောင်လို့ အကျိုးရှိရင် ဘတ် ၃၀၀ လဲဆောင်အုံးမယ်။ အခုက ဘာကောင်းကျိုးရှိနေလို့လဲ” ဟု ၎င်းကဆိုသည်။

ယနေ့ဆန္ဒပြပွဲတွင် ထိုင်းရောက် အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများ၊ တနင်္သာရီတိုင်း ထောက်ပို့အဖွဲ့များနှင့် ကျန်အဖွဲ့အစည်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဆန္ဒပြပွဲကို နေ့လယ် ၁၁ နာရီမှ ၁ နာရီအထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ၅၀၀ ခန့် လာရောက်စုရုံး၍ စစ်ကောင်စီထံ အခွန်မပေးရေး၊ စစ်ကောင်စီအဖွဲ့ အမြန်ဆုံးပြုတ်ကျရေးနှင့် ဒီမိုကရေစီ အမြန်ဆုံး ပြန်လည်ရရှိရေး ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးတွင် တက်ရောက်လာသော မြန်မာအလုပ်သမားများက စစ်ကောင်စီသံရုံးထံ ဝင်ငွေခွန်ပေးဆောင်ဖို့ ခွင့်ပြုမပေးရန် ထိုင်းလွှတ်တော်တွင် တင်ပြနိုင်ရေး လက်မှတ်ထိုးတောင်းဆိုခဲ့ကြသည်။