ရေဖြူ ဇီးကျတိုးဂိတ်နှင့် ထောင်သစ် မီးရှို့ခံရပြီးနောက် ရွာသားများ ရိုက်နှက်စစ်ဆေးခံရ

0
744
ပုံစာ - မီးရှိ့ခံရသည့်ဇီးကျတိုးဂိတ်

ရေဖြူမြို့နယ် ဇီးကျရွာတွင်ရှိသည့် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်နှင့် ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကို ခေါ်ယူကာရိုက်နှက် စစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောင်ရေး လုပ်ငန်းခွင့်နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လမ်းအသုံးပြုခကောက်ခံသည့်ဂိတ်(တိုးဂိတ်)ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၆ ရက်နေ့မနက်စောစောပိုင်းက ညင်းထွေးရွာဘက်မှ ဇီးကျရွာအထက်ပိုင်းသို့ရောက်လာခြင်းဖြစ်သည်။

ယင်းနောက် ဇီးကျရွာမှ အမျိုးသား၊အမျိုးသမီး၊ လူငယ်၊သက်ကြီးရွယ်အိုများပါမကျန် ခေါ်ယူကာ ကားလမ်းမကြီးရှိ တိုးဂိတ်အနီးတွင် ထိုင်စေကာ တစ်ဦးချင်းကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။

လက်ကိုင်ဖုန်းတွင် PDF နှင့် ဆက်သွယ်ပြောဆိုရေးသားခြင်း၊ တော်လှန်ရေး ပိုစ့်များကို မျှဝေထားခြင်း ပြုထားသူများကို ရိုက်နှိက်စစ်ဆေးခဲ့သည်ဟု သိရသည်။

လူငယ်ပိုင်း အရွယ် အမျိုးသားများမှာ အများဆုံးရိုက်နှက်စစ်ဆေးခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အမျိုးသားတွေက အယောက်တိုင်း နီးပါးပဲရိုက်ခံရတာ တစ်ယောက်တစ်ပေါက်မေးတယ် မီးလာရှို့တာမသိဘူးလား၊မေးလိုက်ရင် မသိဘူးပဲပြောကြတယ်”ဟု ယင်းဒေသခံကပြောသည်။

စစ်ကောင်စီတပ်သည် ဇီးကျရွာသား တစ်ရာကျော်နီးပါးကို လမ်းမဘေး တွင် ထိုင်စေကာ ၅ နာရီ ဝန်းကျင်ခန့် စစ်ဆေးမေးမြန်းခဲ့သည်ဟုဆိုသည်။

ယင်းနောက် နေ့လယ် ၁၂ နာရီခန့်တွင် ရွာသားအားလုံးနီးပါးကို ပြန်လွှတ်ပေးကာ ‌လူငယ်ပိုင်းအရွယ်အမျိုးသား ၇ ဦးခန့်ကိုမူ အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နောက်ဒေသခံတစ်ဦးကပြောသည်။

ညနေပိုင်းတွင်မူ ဖမ်းခေါ်ခံရသူအားလုံးကို ပြန်လွတ်ပေးလိုက်ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ရွာကိုလည်း မီးရှို့မည်ဟု ကြိမ်းမောင်းသွားခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် အနီးတစ်ဝိုက်တွင်လည်း PDF အဖွဲ့များ ထောင်ထားခဲ့သည့် မိုင်းလေးလုံးကိုလည်း တွေ့ရှိ ခဲ့ရသည်ဟု ဆိုသည်။

ယင်းအပြင် မနဲကုန်း၊ကျောက်ဆိပ် ကျေးရွာများသို့ လည်း ဝင်ရောက်စစ်ဆေးသွားသည်ဟုဆိုသည်။