ပထုံဌာနီတွင် ယာဉ်တိုက်မှုကြောင့် မြန်မာလုပ်သား ၁၅ ဦးဒဏ်ရာရ

0
606

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် အလုပ်မှ ပြန်လာသော မြန်မာအလုပ်သမားများပါလာသည့် ပစ်ကပ်ကားတစ်စီးသည် ယနေ့ (ဒီဇင်ဘာ ၇) နံနက်ပိုင်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။

ခလောလွမ်ဒေသ ဖဟိုယိုထင်လမ်းတွင် နံနက် ၆ နာရီအချိန်ခန့်က ပစ်ကပ်ကားသည် ပစ္စည်းပို့သော ကွန်တိန်နာ ကုန်တင်ကားတစ်စီးကို အနောက်က ဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ပစ်ကပ်ကားကို မြန်မာနိုင်ငံသား စောရန်နိုင်အမည်ရှိသူက မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂၀ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ဘေးစောင်းတိမ်းမှောက်နေသော ပစ်ကပ်ကားပေါ်က မြန်မာအလုပ်သမားများကို ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရရှိထားသော ၁၅ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ 

ပစ်ကပ်ကားအနီးတွင် ကွန်တိန်နာကားတစ်စီးကို တွေ့ရပြီး ထိုင်းကားမောင်းသမားက ရဲတပ်ဖွဲ့အလာကို စောင့်ဆိုင်းနေသည်ကို တွေ့ရှိရဟု ဆိုသည်။

ကွန်တိန်နာကားသည် ခလောတိန်ဆိပ်ကမ်းမှတစ်ဆင့် အယုဒ္ဓယသို့ ပစ္စည်းပို့ရန် သွားနေစဉ် အနောက်ကို ကားတစ်စီးက ဝင်တိုက်လိုက်သည်ကို သိရှိခဲ့ကြောင်း ထိုင်းကားသမားကဆိုသည်။

နောက်မှန်မှတစ်ဆင့် ပစ်ကပ်ကား တိမ်းမှောက်ပြီး လူအများ ဒဏ်ရာရနေသည်ကို တွေ့ရှိရသဖြင့် ကားကို လမ်းဘေးချရပ်ကာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က သက်သေအထောက်အထားများကို စုစည်းကာ လမ်းမပိတ်ရန်အတွက် ကားကို ဖယ်ရှားခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်အနီး နခွန်ပထုံခရိုင်တွင် အလုပ်မှပြန်လာသော မြန်မာအလုပ်သမားများ တင်ဆောင်လာသော ၆ ဘီးတပ် ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားသဖြင့် မြန်မာအလုပ်သမား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သေးသည်။

Ref: Matichon Online, Siamrath, CH 7 News HD