ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်မည်ဟု ပကဖ ထုတ်ပြန်

0
945

ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်သွားမည်ဟု ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့် လှုပ်ရှားနေသော အချိန်အခါဖြစ်သည့်အတွက် မိမိတို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တော့မည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းကြောင့် ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်များအတွင်း သွားလာကြနေသည့် ပြည်သူများ၊ မော်တော်ယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် တစ်စုံတစ်ရာ ဖုံးအုပ်ပြီး မသွားကြရန် အလေးအနက် တိုက်တွန်းကြောင်း သတိပေးထုတ်ပြန်ထားသည်။

“စစ်ရေးအရှိန်မြင့်တော့မယ်ဆိုတော့ ပိုပြီးသတိထားသွားလာရဖို့ရှိတယ်။ရှေ့နားမှာ ပြဿနာတက်နေတယ်လို့ ပြောသံကြားရင် ဆက်မသွားတော့ဘူး။ အားလုံးငြိမ်သက် အေးဆေးသွားပြီဆိုမှ ဆက်သွားရတာပေါ့။ခရီးသည်တွေလည်း ပုံမှန်သွားလာနေပါတယ်”ဟု မြိတ်-ကော့သောင်း ခရီးသည်ယာဥ်မောင်း တစ်ဦးကပြောသည်။

ယခုသတင်းတစ်ပတ်အတွင်း မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်ရှိ တုံးဗျော၊ကမ်းတို၊ချောင်းမွန်ငါးရွာနှင့် တနင်္သာရီ-ဘုတ်ပြင်းနယ်စပ်ဖြစ်သည့် ဝမ်းဇီးရိုးတူးဇီးရိုးတောင်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခဲ့သေးကြောင်း ယာဥ်မောင်းများနှင့် တော်လှန်ရေးအဖွဲ့များ ထံမှသိရသည်။

မြိတ်-ကော့သောင်းသို့သွားသည့် ကားများမှာ မိုးမချုပ်မီနေ့ပိုင်းတွင် ရောက်ရှိပြီး ထားဝယ်မှ ကော့သောင်းသို့လာသည့်ကားများမှာ တနင်္သာရီမြို့နယ်၊ချောင်းလမုရွာနှင့် ဘုတ်ပြင်းမြို့နယ်၊အေးသာယာရွာတို့တွင် ညအိပ်ရပ်နားကြရသည်ဟု ယာဥ်မောင်းများ ထံမှသိရသည်။