စစ်ကောင်စီအတွက် နယ်စပ်ကုန်သွယ်ရေးဝင်ငွေ အများဆုံးရနေသည့် ထီးခီးဂိတ်

0
1074

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှုတန်ဖိုး အများဆုံးရှာဖွေပေးနေသည့် ဂိတ်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ထီးခီးနယ်စပ်ဂိတ်မှာ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်နှင့် ထားဝယ်ခရိုင်ကြား နယ်နိမိတ်ချင်းထိစပ်နေခြင်းဖြစ်ပြီး KNU တပ်မဟာ(၄) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည်။

အဆိုပါလမ်းကြောင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏပစ်ခတ်တိုက်ခိုက်မှုများရှိသလို ကရင်လက်နက်ကိုင်နှစ်ဖွဲ့ (KNU တပ်မဟာ(၄)နှင့် ကော်သူးလေတပ်မတော်(KTLA)) မှာလည်း အချင်းချင်း ထိတွေ့ပစ်ခတ်မှုများဖြစ်နေသည်။

ယင်းလမ်းကြောင်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလခန့်မှစပြီး နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြောင့် ပို့ကုန် သွင်းကုန်အခန်းကဏ္ဍမှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေသည်။

ထို့အပြင် လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ကုန်ကားများသွားရန် မလွယ်ကူသည့် အခြေအနေတွင် ရှိနေသည်။

ကုန်ကားများ သွားမရသည့် အခြေအနေတွင် ရှိနေသည့် အဆိုပါနယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းတစ်ခု ဖြစ်သည့် ထီးခီးကုန်သွယ်ရေးစခန်းမှ ယခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၂၀၀၀ ကျော်ဖိုး ကုန်သွယ်မှုရှိနေခဲ့သည်။

စီးပွား/ကူးသန်း၏ စာရင်းများအရ ထီးခီးကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ပို့ကုန်၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၉၅ ဒသမ ၈၉၇ သန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ကာလတူတွင် ကုန်သွယ်မှုတန်ဖိုး ၂၀၀၄ ဒသမ ၈၉၀ သန်းရှိသည်။ ပို့ကုန်ပမာဏ ၁၈၃၄ ဒသမ ၀၅၂ သန်းနှင့် သွင်းကုန်ပမာဏ ၁၇၀ ဒသမ ၈၃၈ သန်းရှိကြောင်းတွေ့ရသည်။

တနင်္သာရီတိုင်းတွင် ထီးခီး၊ မောတောင်၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်း လေးခုရှိသည့်အနက် မြိတ်နယ်စပ်ကုန်သွယ်ရေး(မြိတ်တွင်နယ်စပ်ဂိတ်မရှိ)က ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၇၅ သန်း၊ မောတောင်စခန်းက ၁၁ သန်း၊ ကော့သောင်းစခန်းက ၁၀၈ သန်းသာရှိသည်။

ယင်းအပြင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ပြီးခဲ့သည့်နှစ်က ကုန်သွယ်မှု ကန်ဒေါ်လာ ၁၄၇၇ သန်းကျော်၊ ယခုနှစ်တွင် ၁၅၅၁ သန်းကျော်သာရှိသည်။

ယင်းကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်သွယ်မှုအများဆုံးဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းပင် ထီးခီး၏နောက် ဒုတိယနေရာတွင်ပင်ရှိနေသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုခန့်အနက် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုပမာဏ အများဆုံးရရှိနေခြင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် ထီးခီးက နယ်စပ်ကုန်သွယ်မှု အမြင့်ဆုံး ဖြစ်နေရသနည်း။

ထားဝယ်-ထီးခီးလမ်း

ထားဝယ်-ထီးခီးလမ်းကြောင်းကို အသုံးပြုပြီး မြန်မာဘက်မှ ရေထွက်ကုန်အပါအဝင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပြောင်းဖူးအစရှိသည့် ကုန်စည်များ ပို့ဆောင်သလို ထိုင်းဘက်မှနေ၍ လူသုံးကုန်၊ စားသောက်ကုန်၊ သစ်သီးဝလံများ၊ ဓာတ်မြေဩဇာ၊ အိမ်ဆောက်ပစ္စည်းများ၊ စက်သုံးဆီနှင့် မီးဖိုချောင်သုံးဂက်စ်များ ပြန်လည်တင်သွင်းတို့ လုပ်ဆောင်ကြသည်။

သို့သော် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ဂက်စ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လေယာဉ်ဆီတင်လာသည့် ဓာတ်ငွေ့ကားအမှတ်ဖြင့် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းနောက်ပိုင်းမှစ၍ ထီးခီးလမ်းပိုင်းကို စစ်ကောင်စီဘက်ကရော ပြည်သူ့ကာကွယ်ရေးတပ်များ ဘက်ကပါ စစ်ရေးလှုပ်ရှားမှုများအရ ပိတ်လိုက်ကြောင်း ကြေညာခဲ့သည်။

တရားဝင် ကုန်သွယ်ရေးစာရင်းတွင် မပါရှိသော်လည်း ယင်းလမ်းကြောင်းကို အဓိကသုံးနေသည့် လုပ်ငန်းတစ်ခုရှိသေးသည်။

ယင်းမှာ ထိုင်းဘက်သို့ တရားမဝင်သွားရောက်သူများကို ပို့ဆောင်ပေးခြင်းဖြစ်ပြီး ယင်းသို့ပို့ဆောင်သည့် ကားများကို ဘောလုံးကားများဟု ခေါ်ဆိုကြသည်။ ယင်းကားများလည်း ထားဝယ်-ထီးခီး လမ်းပိုင်းကို အသုံးပြု သွားလာကြသည်။

၂၀၂၂-၂၀၂၃ တွင် နယ်မြေမတည်ငြိမ်မှု၊ တိုက်ပွဲများနှင့် နှစ်ဖက်လက်နက်ကိုင်တပ်များ၏ အစစ်အဆေးတင်းကြပ်မှုများကြောင့် အထက်ပါကားများပင် အသွားအလာ မရှိသလောက်နည်းပါးကြောင်း ယင်းလမ်းပိုင်းကို စစ်ဆေးမှုများပြုလုပ်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။

“ကြက်သွန်ကားတွေ၊ ရေထွက်ကုန်ကားတွေ သွားတာမရှိတော့ဘူး၊ အခုဆိုဘောလုံးကားသီးသန့်ပဲ သွားတာပဲရှိတယ်၊ အဲ့ဒါတောင် လမ်းကြောင်းအခြေအနေအရ ဆယ်ခါကြာတစ်ခါပဲသွားတာ” ဟု လမ်းပိုင်းတွင် စစ်ဆေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ကြက်သွန်ကားများ ရံဖန်ရံခါ သွားလာနေသည်မျိုး ရှိနေသော်လည်း ရေထွက်ကုန်တင်ပို့မှုနှင့် ဂက်စ်တင်သွင်းမှုမှာ ၂ နှစ်အတွင်း လုံးဝရပ်ဆိုင်းနေကြောင်း ၎င်းကဆိုသည်။

ကုန်စည်ကားများ သွားလာမှု မရှိခြင်း၊ နယ်မြေမအေးချမ်းခြင်းတို့ကြောင့် ယင်းလမ်းပိုင်းကို ပြုပြင်မှု မရှိသဖြင့်လည်း လမ်းမှာသွားရ အလွန်ခက်ခဲသည့် အခြေအနေတွင် ရှိနေပြီး ကုန်ကားများ သွားလို့ရနိုင်သော အနေအထားမဟုတ်ကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဘယ်ကဏ္ဍကနေ စစ်ကောင်စီဝင်ငွေရနေလဲ

ကုန်သွယ်မှုများ ရပ်ဆိုင်းနေသော ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်းမှ ဝင်ငွေရနေခြင်းမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တင်ပို့သည့် ငွေများကို ထီးခီးစခန်း၏ စာရင်းတွင် ထည့်သွင်းထားခြင်းကြောင့် ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ယိုးဒယားကိုပေးတဲ့ ဂက်စ်ပိုက်လိုင်းရှိတယ်လေ၊ အဲ့ဒီပိုက်လိုင်းကနေ ပို့တဲ့တန်ဖိုးကို အဲ့ဒီစခန်းရဲ့ ကုန်သွယ်မှုစာရင်းထဲမှာ ထည့်ထားတာ၊ အဲ့ဒါကြောင့် အဲ့ဒီအမောင့်ကြီးတက်နေတာ၊ အမှန်က ပစ္စည်းကမြေပြင်မှာပို့တာ ဘာမှမရှိဘူး။ သွင်းကုန်ကျတော့ ကျွန်တော်ထင်တာ စက်သုံးဆီပြန်သွင်းတာ ရှိတယ်” ဟု ၎င်းကဆိုသည်။

ယခုနောက်ပိုင်းတွင် ထီးခီးလမ်းကြောင်းမှ စက်သုံးဆီပြန်သွင်းမသွင်းဆိုသည်ကိုမူ အတိအကျမသိကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာ့ပင်လယ်ပြင်မှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့ကို တနင်္သာရီကမ်းလွန် ပင်လယ်ပြင်မှ နေ၍ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် တစ်ဆင့်သိုလှောင်ပြီး PTTEP ကုမ္ပဏီပိုင် ဇောတိကပိုက်လိုင်းမှ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

တနင်္သာရီတိုင်းကို ဖြတ်ကျော်သွယ်တန်းထားသည့် ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ထိုင်းရေနံကုမ္ပဏီ PTTEP က ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ဓာတ်ငွေ့စံကုဗပေ သန်း ၂၅၀ မှ ၃၀၀ အကြားတင်ပို့ရောင်းချနေပြီး ၂၀၂၃ ခုနှစ်တွင် ကုဗပေ ၈၀၀ ခန့်ထုတ်လုပ်ရန် ရည်မှန်းထားသည်။

ယင်းကြောင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ သဘာဝဓာတ်ငွေ့ ရောင်းချသည့် ဝင်ငွေများကြောင့် တက်နေခြင်းဖြစ်ပြီး ကုန်စည်ပို့ဆောင်မှုများမှ ရရှိသည့် ဝင်ငွေမဟုတ်ကြောင်း တွေ့ရသည်။

သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ ရသည့်ငွေများမှာ စစ်ကောင်စီအတွက်သာ တိုက်ရိုက်အကျိုးကျေးဇူးရှိပြီး ဒေသခံတောင်သူများ၏ လယ်ယာထွက်ကုန်များမှာမူ ပြည်တွင်း၊ပြည်ပသို့ တင်ပို့၍မရသဖြင့် စျေးကွက်ပျောက်နေသည်။

စျေးကွက်ပျက်နေသည့်အတွက် တနင်္သာရီတိုင်း၏ ဥယျာဉ်ခြံနှင့် လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်သူများမှာ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။