တောက်ထိန်တောင်အနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

0
767

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနှင့် ရန်တောင်ကျေးရွာကြားရှိ တောက်ထိန်တောင်ဘုရား မုဒ်ရှေ့အနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။

သရက်ချောင်းဘက်မှ ထားဝယ်ဘက်သို့ မြိတ်-ထားဝယ်ကားလမ်းအတိုင်း မောင်းလာသည့် စစ်တပ်ကားမှာ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများကပြောသည်။

“ခါတိုင်း အဲ့ဒီနားမှာ မိုင်းဆွဲခံရရင် သေနတ်ပစ်ဖောက်တာတွေရှိတယ်။ ဆိုတော့ ညကလည်း ရွာထဲမွှေဦးမလားမသိဘူးဆိုပြီး စောင့်ကြည့်နေသေးတယ်၊ ဒါပေမဲ့ ညက ဘာသံမှမကြားဘူး။ သူတို့လူ မနာလို့ဖြစ်မှာပေါ့။ လူထိခိုက်မှုမရှိလို့ထင်တယ်။ ကားတော့ ပျက်စီးတယ်လို့ ကြားရတယ်” ဟု ရန်တောင်ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်ကားသုံးစီးတက်လာခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးသည့်ကားကို ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ထားခဲ့သည်ဟု ညောင်ဇင်ကျေးရွာက ဒေသခံအမျိုးသားက ပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်နဂါး တပ်ခွဲ (၂)နှင့် ထားဝယ်လူငယ်လက်ရုံးတပ်တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တောက်ထိန်တောင်ဘုရားမုဒ်ဦးအနီးတွင် စစ်ကောင်စီတပ်ကား မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး လမ်းဘေးကပ်လျက် ထိုနေရာတွင် တွင်းကြီးဖြစ်နေသည်ကိုလည်း တွေ့ခဲ့ရဖူးသည်။