ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1412

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အတက်အကျ နည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။

ဓာတ်ဆီဈေးမှာမူ ဆက်တိုက်ငြိမ်နေရာမှာ သောကြာနေ့(ဒီဇင်ဘာလ၁ရက်)တွင် ရုတ်တရက်ထိုးတက်သွားသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် တစ်ပတ်လုံး ဈေးဖွင့်ထားခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ အတက်အကျနည်းနေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၄၅ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုတ်တရက်ထိုးတက်သွားပြီး ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၃၄၀ ကျပ် ဈေးတက်သွားသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၇၅၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ လက်ရှိပေါက်ဈေးအတိုင်းပင် အတက်အကျနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

နိုင်ငံအနှံ့တိုက်ပွဲများ ပြင်းထန်လာခြင်း၊ ပြည်တွင်းဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးတော့ခြင်း၊ ဘဏ်ခွဲအချို့ ပိတ်သိမ်းခြင်းကြောင့် ပိုမိုစိတ်ချရသည့် ရွှေကိုဝယ်ယူကြသည်။

ထို့အပြင် ကမ္ဘာ့ရွှေဈေးလည်း အမြင့်ဆုံးဈေးသို့ ဆက်တိုက်တက်လာပြီး တစ်အောင်စလျှင် ၂၀၇၂ ဒေါ်လာ ဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၀၀၂ ဒေါ်လာသာ ပေါက်ဈေးရှိသည်။

တစ်ဖက်တွင်လည်း ဒေါ်လာငွေလဲနှုန်းက ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ထိုအခင်းအကျင်းများကြောင့် ပြည်တွင်းရွှေဈေးမှာ အတက်ဈေးတွင် အလှုပ်အခတ်နည်းနည်းဖြင့် ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့် ဆက်နွယ်နေသည့်အတွက် အတက်ဈေးတွင် ဆက်ရှိနေမည်ဖြစ်သည်။

သို့သော် ပြည်တွင်းနှင့် နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးနေသည့်အတွက် အတက်ကြမ်းမည့် အနေအထားမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာ ငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းအခြေအနေနှင့် MOGE အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် စက်သုံးဆီဈေးတက်လာခြင်းဖြစ်သည့်အတွက် ပြန်ကျမည့် အရိပ်အယောင် မတွေ့ရပေ။

စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အဓိက နိုင်ငံခြားဝင်ငွေရရှိနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ခြင်းမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာ ဈေးအမြင့်တွင် ဆက်ရှိနေမည်ဖြစ်သည်။