မြိတ်စစ်ကောင်စီထောက်ခံပွဲ လုံခြုံရေးအထပ်ထပ်ဖြင့် ပြုလုပ်

0
2123
ပုံစာ - မြို့မအားကစားကွင်းတွင် ပြုလုပ်သည့် စစ်ကောင်စီ ထောက်ခံပွဲ။

မြိတ်မြို့ မြို့မအားကစားကွင်းတွင် ယနေ့ ဒီဇင်ဘာလ ၃ ရက် မနက် ကိုးနာရီအချိန်က စစ်ကောင်စီထောက်ခံပွဲကို လုံခြုံရေးအထပ်ထပ်ဖြင့် ပြုလုပ်ခဲ့ကြောင်း မြိုခံအချို့ထံမှ သိရသည်။

အဆိုပါ ထောက်ခံပွဲပြုလုပ်သည့် အားကစားကွင်း၏ ဝင်ပေါက်နှင့် ကွင်းပတ်ပတ်လည်ရှိ ဝင်ပေါက်များကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့တို့က လုံခြုံရေးယူထားကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအချို့က ပြောပြသည်။

ယင်းအပြင် ကွင်းအနီးရှိ လမ်းဆုံတိုင်းတွင်လည်း လက်နက်ကိုင်ထားသည့် ရဲတပ်ဖွဲ့ဝင်တို့က နေရာယူထားပြီး အပြင်ဘက်လမ်းဆုံများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအချို့ကို လုံခြုံရေးချထားကြောင်း မြို့ခံအချို့က ဆိုသည်။

“လမ်းဆုံတွေမှာ လုံခြုံရေးချထားတာ လူကြီးလမ်းကြောင်းရှိလို့ ချထားသလိုဖြစ်နေတယ်” ဟုမျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

မြို့မအားကစားကွင်းနှင့် အလှမ်းကွာသည့် လမ်းဆုံလမ်းခွတို့တွင် လုံခြုံရေချထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ လုံခြုံရေးအထပ်ထပ်ယူထားခြင်းသည် ထောက်ခံပွဲတက်ရောက်သူတို့၏ အသက်အန္တရာယ်အား စိုးရိမ်သည့်အတွက် ဖြစ်နိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။

အဆိုပါ ထောက်ခံပွဲတွင် မြိတ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ မြိတ်မြို့ပေါ်ရပ်ကွက်တို့ရှိ အုပ်ချုပ်ရေးဘက်မှသူများ ပါဝင်ကြပြီး စုစုပေါင်း အင်းအား ရာဂဏန်းအထိရှိကြောင်း မြို့ခံအချို့က ပြောပြသည်။

ထောက်ခံပွဲတွင် PDF နှင့် KIA, AA, TNLA စသည့် တော်လှန်ရေးအဖွဲ့တို့အား ရှုတ်ချထားပြီး စစ်ကောင်စီအားပေးသည့် တရားသောစစ်အောင်ရမည်၊ စွန့်လွှတ်စွန့်စား တပ်မတော်သားများ ကျန်းမာပါစေ စသည့်စာသားပါ ဗွီနိုင်းဆိုင်းဘုတ်များ ကိုင်ထားကြောင်း သိရသည်။

စစ်ကောင်စီလက်ထက် ပြည်တွင်းပြည်ပဖိအားများ မြင့်တက်လာပါက စစ်တပ်ထောက်ခံပွဲ၊ စစ်ကောင်စီ ထောက်ခံပွဲ စသဖြင့် လုပ်လေ့ရှိကြသည်။

ယခုတွင်လည်း စစ်ကောင်စီအပေါ် နိုင်ငံတကာ ဖိအားများသာမက ပြည်တွင်းတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးအဖွဲ့များက မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နေသည်။