တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1100

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ

တစ်လကျော်အတွင်း စစ်ဘေးရှောင် ငါးသိန်းကျော်သွားပြီ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ရေးပဋိပက္ခ ပြင်းထန်လာသောကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင် ငါးသိန်းကျော်သွားပြီဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

စစ်ရှိန်မြင့်လာတာကြောင့် ရှမ်းမြောက်၊ ရှမ်းတောင်၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူအရှေ့ပိုင်း၊ ကရင်၊ မွန်၊ တနင်္သာရီတို့မှာ စစ်ဘေးရှောင်တွေ မြင့်တက်လာတာလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီအထဲမှာ ရှမ်းပြည်မြောက်ပိုင်း လောင်ကိုင်ဒေသကနေ ထွက်ပြေးလာသူ ငါးသောင်းကျော်အထိရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အရပ်သား ဘေးကင်းလုံခြုံမှု စတဲ့ အရေးပါတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှု မတိုင်ခင်က နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသိန်းကျော်အပါအဝင် အခုဆိုရင် တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် နှစ်သန်းကျော်သွားပြီလို့လည်း ကုလသမဂ္ဂ စာရင်းတွေအရ သိရပါတယ်။

……………………………………

ရှမ်းမြောက်မှာ မြို့ကြီးငါးမြို့နဲ့ နယ်စပ်ဂိတ်လေးခုကို သိမ်းယူထားတယ်

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ရှမ်းမြောက်မှာ မြို့ကြီးငါးမြို့နဲ့ နယ်စပ်ဂိတ်လေးခုကို သိမ်းယူထား နိုင်တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်း မြို့ကြီး ငါးမြို့အပါအဝင် တခြားမြို့နယ်တချို့ကို ထိန်းချုပ်ထား နိုင်တဲ့အပြင် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်းစန်းကျော့ စတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ် လေးခုကိုလည်း သိမ်းပိုက် ထားနိုင်တာလို့ ဆိုတယ်။

ဒါ့အပြင် တချို့မြို့တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ အလုံးစုံ ပျက်သုဉ်းသွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။  ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တစ်နိုင်ငံလုံးမှာဆိုရင် မြို့နယ် ၁၈ ခုကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ စစ်ဆင်ရေးဟာ လောက်ကိုင်မြို့ကို ဦးတည်နေပြီလို့ အတိအလင်း ကြေညာထားပြီးနောက်မှာ ပိတ်မိနေတဲ့ အရပ်သားတွေကိုလည်း ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် လောက်ကိုင်မြို့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွား နေပါတယ်။

……………………………………

 ရှမ်းမြောက်မှာ တပ်ရင်းတွေ လက်နက်ချတာ ဆက်တိုက်ဖြစ်လာ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ (၁၂၅) တပ်ရင်းတစ်ခုလုံး အလံဖြူထောင်ပြီး လက်နက်ချတယ်လို့ ကိုးကန့်တပ် MNDAA က နိုင်ဝင်ဘာလ ၂၉ရက်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ၂၈နှစ်ကြာ ထိန်းချုပ်ထားတဲ့ ကုန်းကြမ်းက ၁၂၅ တပ်ရင်းတစ်ခုလုံး လက်နက်ချတာကြောင့် လောက်ကိုင်ခရိုင် ရှင်းဝဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ကုန်းကြမ်းစခန်း ပတ်ပတ်လည်က စခန်းတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက်မှာ ဒဏ်ရာရထားသူတွေကို ကုသပေးဖို့၊ မိသားစုဝင်တွေ နေထိုင်ရေး စီစဉ်ပေးဖို့ ၁၂၅ တပ်ရင်းမှူးက လာရောက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတောင်းဆိုချက်ကို လိုက်လျောပေးလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀ ကျော်အပါအဝင် ရဲ၊ စစ်ရေးအကြံပေး၊ မိသားစုဝင် ၂၇၀ ကျော် လက်နက်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာရှိတဲ့ ခလခရ ၁၄၃ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး လက်နက်ချခဲ့ပါသေးတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကိုးကန့်အထူးဒေသ (၁) က ခမရ ၁၂၉ တပ်ရင်းတစ်ခုလုံး လူ ၂၆၀ ကျော် လက်နက်ချခဲ့ပါတယ်။

ဒါ့အပြင် ချင်း၊ မွန်၊ ကယားနဲ့ ရခိုင်တို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချတာတွေ ရှိနေပါသေးတယ်။

……………………………………

ဆေးရုံဆေးခန်း လူနာတွေ ဆေးဝန်ထမ်းတွေကို မတိုက်ခိုက်ဖို့ MSF ပြော

ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို မတိုက်ခိုက်ဘဲ အကာအကွယ်ပေးဖို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က နိုဝင်ဘာလ ၁၈ရက်နေ့က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာချိန် ဆေးရုံတွေ တိုက်ခိုက်ခံနေရပြီး တိုက်ပွဲတွေကြား ပိတ်မိတာကြောင့် ဆေးဝါးကုသခွင့်မရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ တတိယပတ်မှာ ရှမ်းမြောက်က ပန်ဆိုင်းဆေးရုံ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရပြီး တိုက်ပွဲကြောင့် ဆေးရုံ မလည်ပတ်နိုင်တော့လိုသာ လူထိခိုက်မှု မရှိတာလို့ ပြောပါတယ်။ လူနာတွေ ဆေးကုသမှု ခံယူနေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ ဆေးရုံလည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

နောက်တစ်ခါ စက်တင်ဘာ လကုန်ပိုင်းကလည်း ကချင်ပြည်နယ် ဖားကန့်ဆေးရုံမှာ လက်နက်ကိုင်တွေ ပစ်ခတ်တာကြောင့် လူနာတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MSF က ဆိုပါတယ်။

……………………………………

ချင်းတော်လှန်ရေးတပ်တွေ မြို့တွေဆက်တိုက်သိမ်းယူ

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့တွေကို ဆက်တိုက်သိမ်းယူနေပါတယ်။

မတူပီမြို့နယ်ထဲက ရေဇွာမြို့ကို စတင်တိုက်ခိုက်ပြီး လေးရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၉ ရက် မနက်မှာ ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး သိမ်းယူခဲ့ပါတယ်။ ရေဇွာမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော် ဖမ်းမိတယ်လို့လည်း ဆိုပါတယ်။

ဒီမတိုင်ခင် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဖလမ်းမြို့နယ်ထဲက အိန္ဒိယ-မြန်မာနယ်စပ်မြို့ ရိဒ်ခေါဒါရ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မတူပီမြို့နယ်ထဲမှာရှိတဲ့ လိုင်းလင်းပီမြို့တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူခဲ့ပါသေးတယ်။

ဖလမ်းမြို့နယ်ထဲက ဝေဘူလ၊ ထန်တလန်မြို့နယ်ထဲက နှာရိန်၊ ဟားခါးမြို့နယ်ထဲက ဆူရ်ခွာ၊ မင်းတပ်မြို့နယ်ထဲက မကွီးအိမ်နူးမြို့တွေကိုလည်း ချင်းတော်လှန်ရေးတပ်တွေ သိမ်းယူထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က RFA မြန်မာပိုင်း သတင်းတစ်ရပ်မှာ ပြောဆိုထားတယ်။

……………………………………

ကရင်နီမှာ အရပ်သား ၇၀ ကျော်သေဆုံး

၁၁၁၁ စစ်ဆင်ရေးကာလမှာ အရပ်သားပြည်သူ ၇၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က ထုတ်ပြန်ပါတယ်။

၁၁၁၁ စစ်ဆင်ရေးကို လွိုင်ကော်မြို့မှာ စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၇ ရက်အထိ အရပ်သား ၇၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ လက်နက်ကြီးကြောင့် သေဆုံးသူ ၃၀နီးပါး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀ ကျော်၊ ပစ်ခတ်သတ်ဖြတ်တာကြောင့် ၁၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၃၀ကျော်၊ အမျိုးသမီး ၂၀နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။ ကလေးငယ် ၁၀ ကျော်၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်နှစ်ဦးနဲ့ အသက်အရွယ် အတည်မပြုနိုင်သူ ၁၀ဦးရှိတယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ပွဲတွေ ပြင်းထန်တာကြောင့် လွိုင်ကော်မြို့ထဲမှာ ရုပ်အလောင်းတွေ မကောက်နိုင်ဘဲရှိနေသလို လုံခြုံရေးအရ စိုးရိမ်ရတာကြောင့် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေလည်း လုပ်ငန်းရပ်ဆိုင်းတာတွေရှိလာပါတယ်။

……………………………………

ဝန်ကြီးဟောင်းဦးရဲထွဋ် ထောင် ၁၀နှစ်ချခံရ

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးနဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်တဲ့ ဦးရဲထွဋ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ပါတယ်။ 

လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်ဆိုပြီး ရန်ကုန်က နေအိမ်မှာ အောက်တိုဘာလ ၂၈ရက် ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် စစ်တပ်နဲ့ပတ်သက်လို့ မမှန်သတင်းဖြန့်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ၊ စစ်သားတွေ၊ အစိုးရဝန်ထမ်းတွေအပေါ် နှောက်ယှက်ဟန့်တားမှု ပုဒ်မ ၁၂၄ (က) တွေနဲ့ တရားစွဲဆိုခဲ့ပြီး တစ်လအတွင်းမှာပဲ အမိန့်ချမှတ်လိုက်တာပါ။

၅၀၅ (က) အတွက် ထောင် ၃နှစ်၊ ပုဒ်မ ၁၂၄ (က) အတွက် ထောင်ဒဏ် ၇နှစ် အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးကနေ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

စစ်တပ်မှာ ဒုဗိုလ်မှူးကြီး တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်ဟာ စစ်ကောင်စီကို တိုက်ရိုက်၊ သွယ်ဝိုက်နည်းလမ်းတွေနဲ့ ဝေဖန်ရေးသားနေသူဖြစ်လို့ ဖမ်းဆီးထောင်ချခံရတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………