မြိတ်၊ တုံးဗျောကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

0
2611
Photo - ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၂)

မြိတ်မြို့နယ်၊တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင် အချိန်က ပျူစောထီးနှင့် စစ်ကောင်စီတပ်များ နေထိုင်သည့် တုံးဗျောကြီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ကပြောသည်။

“နားလိုက်ပစ်လိုက်နဲ့ တစ်နာရီလောက်ကြာတယ်။ ရွာထဲကလူတွေလည်း အကုန်အိမ်ထဲပုန်းနေရတယ်” ဟု ဒေသခံအမျိုးသား ကပြောသည်။

တုံးဗျောကြီး စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ကပြောသည်။

“ဟိုဘက်ကတော့ ၃ ဦးသေတယ်ကြားရတယ်။လက်နက်ကြီးလာကျလို့ ကျွန်တော်တို့ဘက်က နှစ်ယောက်ထိတယ်။ မစိုးရိမ်ရဘူး။ လက်သန်းတစ်ချောင်းတော့ ဆုံးရှုံးသွားတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးမှုကိုတော့ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

တုံးဗျောကြီးစခန်းကို ဝင်မတိုက်မီ နံက် ၅ နာရီဝန်းကျင်ကလည်း မြိတ်ဘက်မှ တနင်္သာရီဘက်သို့ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ကားကို ဘန်းလမွှတ်ကျေးရွာအုပ်စု လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

တုံးဗျောကြီးကျေးရွာ စစ်ကောင်စီစခန်း ကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းလုနီးနီးအချိန်တွင် စစ်ကောင်စီဘက်မှ စစ်ကူရောက်လာခြင်း၊ကာကွယ်ရေးတပ်ဘက်မှ ကျည်လုံလောက်မှုမရှိခြင်း တို့ကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

တုံးဗျောကြီးရွာသည် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး မြိတ်မြို့နယ်လက်အောက်ရှိ ကျေးရွာဖြစ်သည်။