မုန်တိုင်းအရှိန်ကြောင့် တိုင်းအတွင်း မိုးရွာဦးမည်

0
2617

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် ဒီဇင်ဘာလ ၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သော်လည်း လတ်တလော ခန့်မှန်းချက်များအရ မြန်မာနိုင်ငံကို ဦးတည်လာနိုင်ဖွယ်မရှိဟုဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံကို ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဒီဇင်ဘာလ(ပထမ)ဆယ်ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်သလို လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ထပ်မံ ဖြစ်ပေါ်နိုင်ပါသည်ဟုလည်း မိုးဇလထုတ်ပြန်ချက်များက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။