သတိ . . ! လေယာဉ်လက်မှတ် လိမ်ရောင်းသူတွေရှိနေတယ်

0
1609

လုံခြုံရေးအခက်အခဲကြောင့် ခရီသည်တင်ကားနဲ့ ခရီးသွားလာသူနည်းပါးလာပြီး လေကြောင်းနဲ့ ခရီးသွားလာသူ များလာ ပါတယ်။

တနင်္သာရီတိုင်းတွင်း၊ တိုင်းပြင်ပ ခရီးသွားဖို့ လေယာဉ်လက်မှတ် ကြိုတင်အော်ဒါတင်သူတွေနဲ့ ပြည့်နှက်နေကြပြီး လက်မှတ်ရရှိဖို့ လချီကြာစောင့်ဆိုင်းနေကြရပါတယ်။ 

အဲဒီလို လေယာဉ်လက်မှတ်ရရှိဖို့ ခက်ခဲလာချိန်မှာ လက်မှတ်လိမ်လည်ရောင်းချသူတွေလည်း အချိန်ကိုက် ပေါ်လာနေကြပါတယ်။

အွန်လိုင်းမှ လိမ်လည်ရောင်းချ

Facebook လူမှုကွန်ရက်မှာ လေယာဉ်လက်မှတ်အရောင်း Page တွေ ဖွင့်လှစ်ပြီး လိမ်လည်တဲ့ နည်းလမ်းတွေကို အသုံးပြုကြတာကို တွေ့ရပါတယ်။ 

လက်မှတ်လိမ်ရောင်းဖို့ ရည်ရွယ်ဖွင့်လှစ်ထားသည့် Page တွေဟာလည်း အမှန်တကယ် လေယာဉ်လက်မှတ် အရောင်းဆိုင်တွေရဲ့ Page တွေ လိုပဲ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ဆိုင်လိပ်စာတွေကို ထည့်သွင်းဖော်ပြပြီး ယုံကြည်လာစေအောင် ဖန်တီးထားကြပါတယ်။

လိမ်လည်တဲ့ တချို့ Page တွေမှာ Like and Followers လုပ်ထားသူ သောင်းချီအထိ ရှိနေတာလည်း တွေ့ရပါတယ်။ 

ဆက်သွယ်ရမယ့် ဖုန်း၊ ဆိုင်လိပ်စာတွေကို ထည့်သွင်းဖော်ပြထားပြီး Followers များတယ်ဆိုတိုင်း အလွယ်တကူ ယုံကြည်လို့ မရနိုင်ဘူးဆိုတာ သတိပြုစေလိုပါတယ်။

နမူနာအနေနဲ့ Like and Followers တစ်သောင်းနှစ်ထောင်ကျော်ရှိတဲ့ “Air Ticket ပြည်တွင်းလက်မှတ်အရောင်းဌာန” ဆိုတဲ့ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချနေတဲ့ Page ကို တိုက်ဆိုင်စစ်ဆေး သတိချပ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ Page ကို ဒီနေရာမှာကြည့်နိုင်ပါတယ်။ 

အဲဒီ Page ဟာ ထားဝယ်ဒေသခံတစ်ဦးကို လက်မှတ်လိမ်ရောင်းခဲ့တဲ့ Page ဖြစ်ပါတယ်။ 

ကယာကံရှင်ကိုယ်တိုင် အလိမ်ခံရတဲ့ကြောင်း အထောက်အထားတွေနဲ့ တကွ ရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

“Air Ticket ပြည်တွင်းလက်မှတ်အရောင်းဌာန” Page ရဲ့ Review တွေမှာလည်း လူလိမ် Page ဖြစ်တဲ့အကြောင်း မှတ်ချက်တွေ ရေးသားထားကြတာကို ဒီနေရာ ၊ ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။

Air Ticket ပြည်တွင်းလက်မှတ်အရောင်းဌာန Page ကို ဆက်သွယ်ပြီး နိုဝင်ဘာလ ၃၀ ရက်အတွက် ရန်ကုန်- ကော့သောင်း လေယာဉ်လက်မှတ် သုံးစောင်ဝယ်ယူဖို့ မေးမြန်းကြည့်ချိန်မှာ လက်မှတ်ကျန်ရှိ‌နေ‌သေးတယ်လို့ ဖြေပါတယ်။

Dawei Watch သတင်းထောက်က လေယာဉ်လက်မှတ်ဝယ်မယ့်သူဟန်ဆောင်ပြီး နိုဝင်ဘာလ ၂၉ ရက်က ဖုန်းဆက်သွယ်မေးမြန်းကြည့်ခဲ့တာပါ။  

လေယာဉ်လက်မှတ် အော်ဒါတင်ထားသူက ပယ်ဖျက်လိုက်တာကြောင့် လက်မှတ်သုံးစောင် ကွက်တိကျန်နေသေးတယ်လို့ Page မှာ ဖော်ပြတဲ့ ဖုန်းကို ဆက်သွယ်မေးမြန်းချိန် အမျိုးသမီးတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။ 

‌အမှန်တကယ်မှာက နိုဝင်ဘာလ ၃၀ ရက်အတွက် ရန်ကုန် – ကော့သောင်းလေယာဉ်လက်မှတ်တွေ ကုန်နေပြီဖြစ်ပါတယ်။ 

ထားဝယ်မြို့က တရားဝင် လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ဆိုင်ကို မေးမြန်းကြည့်ရာမှာတော့ နိုဝင်ဘာလ အတွက်  ရန်ကုန် – ကော့သောင်း လေယာဉ်လက်မှတ် ကြိုတင်အော်ဒါတင်ထားသူများတာကြောင့် ကုန်နေပြီဖြစ်ပြီး အနီးစပ်ဆုံး ဒီဇင်ဘာလ ၆ ရက်မှပဲ လက်မှတ်ရနိုင်တော့မယ်လို့ ပြောပါတယ်။

“ဒါတောင်မှာ Cancel (လက်မှတ်ပယ်ဖျက်) လုပ်တဲ့သူရှိလို့ အဲဒီနေ့ (ဒီဇင်ဘာ ၆ ရက်နေ့) ရတာ။ သူများဆိုင်တွေ မေးကြည့်။ (ဒီဇင်ဘာလ ) ရက် ၂၀  ကျော်တွေ ဖြစ်ကုန်ပြီ” လို့ အထက်ပါ အရောင်းဆိုင်တာဝန်ရှိသူက နိုဝင်ဘာလ ၂၉ ရက်က ပြောပါတယ်။ 

လက်မှတ်ခ ထက်ဝက်သက်သာနေ

လေယာဉ်လက်မှတ် လိမ်ရောင်းသူတွေဆီမှာ လက်မှတ်ဈေးနှုန်းမှာ မြေပြင်ပေါက်ဈေးထက် ထက်ဝက်လောက် သက်သာနေတာကို တွေ့ရပါတယ်။

ရန်ကုန်- ကော့သောင်း ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ လေးသိန်းရှစ်သောင်း ဝန်းကျင်ရှိတယ်လို့ ထားဝယ်မြို့မှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဆိုင်တချို့ဆီကနေ သိရပါတယ်။ 

လိမ်လည်ရောင်းချသူတွေဆီမှာတော့ ရန်ကုန် –  ကော့သောင်း ခရီးစဉ်အတွက် လက်မှတ်တစ်စောင် ကျသင့်ငွေမှာ ၂၅၀၀၀၀ ကျပ်သာ ရှိနေပါတယ်။

ငွေလိမ်နည်း

လက်မှတ် ဝယ်ယူဖို့အတွက် မှတ်ပုံတင်နံပါတ်ကို Viber ကနေ ပေးပို့ခိုင်းပါတယ်။

လက်မှတ်ခ ငွေလွှဲရမယ့် Kpay ဒါမှမဟုတ် Wave Pay နံပါတ်တစ်ခုခုပို့ပေးပါတယ်။ 

ငွေလွှဲပြီးနောက် လက်မှတ်ပြန်မပို့လာတော့ဘဲ လွှဲလိုက်တဲ့ လက်မှတ်ဖိုး လိမ်လည်သွားတာပါတယ်။

အဲဒီနည်းလမ်းအတိုင်း အလိမ်ခံရဖူးတဲ့ မြိတ်ဒေသခံအမျိုးသမီးတစ်ဦးက လေယာဉ်လက်မှတ်တွေကို စိတ်ချရတဲ့ နေရာတွေမှာပဲ ဝယ်ယူကြဖို့ နိုဝင်ဘာလ ၂၉ ရက်က Facebook လူမှုကွန်ရက်မှာ သတိပေးရေးသားထားသည်။

E-Ticket အတု ပေးပို့ လိမ်လည်တာမျိုးလည်းရှိပါတယ်။ တချို့ခရီးသည်တွေဟာ လေဆိပ်ရောက်မှာ လက်မှတ် အတုဖြစ်နေတာကို သိရတာမျိုးလည်း ရှိနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူ တချို့ ပြောဆိုပါတယ်။

လက်မှတ် အတုအပ စစ်ဆေးပါ

ကိုယ်ဝယ်လိုက်တဲ့ လက်မှတ် အစစ်လား အတုလား စစ်ဆေးကြည့်လို့ရပါတယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ စစ်ဆေးနိုင်ပါတယ်။

လေကြောင်းလိုင်းတွေက လက်မှတ်အတု သတိထားဖို့ တရားဝင် အသိပေးထားတာနဲ့ လက်မှတ်စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ထုတ်ပြန်ထားပါတယ်။ အောက်ပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

MAI နှင့် Air KBZ လက်မှတ်အတုအပ စစ်ဆေးနိုင်မယ့် နည်းလမ်းနဲ့ပတ်သက်လို့ Air KBZ က ထုတ်ပြန်ထားတာကို ဒီနေရာမှာကြည့်နိုင်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လက်မှတ်အတုအပ စစ်ဆေးနိုင်မယ့် နည်းလမ်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ လေကြောင်းလိုင်းက ထုတ်ပြန်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Air Thanlwin လက်မှတ်အတုအပ စစ်ဆေးနိုင်မယ့် နည်းလမ်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ လေကြောင်းလိုင်းက ထုတ်ပြန်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Mann Yadanarpon လက်မှတ်အတုအပ စစ်ဆေးနိုင်မယ့် နည်းလမ်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ လေကြောင်းလိုင်းက ထုတ်ပြန်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အကြံပြုချက်

ပထမဦးဆုံး မြေပြင်မှာ ဆိုင်ခန်းဖွင့်ရောင်းချနေသူဆီမှာ ပထမဦးစားပေးအဖြစ် လေယာဉ်လက်မှတ် အကြောင်း စုံစမ်းသင့်ပါတယ်။

အဲဒီအရောင်းဆိုင်တွေမှာ လက်မှတ်ကုန်နေရင် တခြားဆိုင်မှာလည်း အများအားဖြင့် ကုန်နေလေ့ရှိပါတယ်။

ချွင်းချက်အနေနဲ့ လက်မှတ်ဝယ်ထားသူ မသွားဖြစ်တော့လို့ လက်မှတ်ပယ်ဖျက်လိုက်သူရှိရင်တော့ ဝယ်ယူရရှိနိုင်ပါတယ်။

အွန်လိုင်းပေါ်ကနေတစ်ဆင့် ဝယ်ယူမည်ဆိုရင် ဝယ်နေကျသူဆီမှာ ဒါမှမဟုတ် အသိမိတ်ဆွေတွေ ဝယ်ဖူးတဲ့သူတွေဆီမှာပဲ ဝယ်ယူသင့် ပါတယ်။ ဘယ်သူ ဘယ်ဝါမှန်း မသိဘဲ အွန်လိုင်း‌မှာ လက်မှတ်ရောင်းချနေသူတွေဆီက ဝယ်ရင် အလိမ်ခံရနိုင်ခြေ ရှိတာကြောင့် သေချာလေ့လာ သင့်ပါတယ်။

အရောင်းဆိုင်တွေမှာ လက်မှတ်ကုန်နေချိန် အွန်လိုင်း Page တစ်ခုခုမှာ လက်မှတ်ကျန်နေသေးတာ၊ လက်မှတ်ဈေးနှုန်း ပိုသက်သာနေတာမျိုးဆိုရင်လည်း သတိထားသင့်ပါတယ်။ လိမ်လည်မယ့်သူ ဖြစ်နိုင်လို့ပါ။

Facebook Page တစ်ခုခုမှာ လက်မှတ်ဝယ်မယ်ဆိုရင် Page Review ကို အရင်ဝင် လေ့လာသင့်ပါတယ်။ Review ထဲမှာ အလိမ်ခံရသူတွေက သူတို့ဘယ်လိုအလိမ်ခံရထားရတယ်ဆိုရင် မှတ်ချက်များရေးသားထား‌လေ့ရှိပါတယ်။

လက်မှတ်တွေ ဝယ်ပြီဆိုရင်လည်း လက်မှတ်အစစ်ဟုတ်မဟုတ် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းအတိုင်း စစ်ဆေးနိုင်ပါတယ်။

စာဖတ်သူတွေ အနေဖြင့် အွန်လိုင်းပေါ်မှာ တစ်ခုခုကို ဝယ်ယူမယ်ဆိုရင် အတုလား၊ အစစ်လား၊ လိမ်လည်မယ်သူ ဟုတ်မဟုတ် ‌သေသေချာချာလေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။

လိမ်လည်မှုတွေ၊ သတင်းအတု၊ သတင်းအမှားတွေ၊ ဝါဒဖြန့်ချီမှုတွေနှင့်ပတ်သတ်ပြီး Dawei Watch က အချက်အလက်စိစစ်ထားကို Fack Check ကဏ္ဍမှာ ဝင်ရောက်ကြည့်ရှုနိုင်တဲ့အပြင် သံသယဖြစ်ဖွယ်တွေ့ရှိလာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook Massager ကနေတဆင့် ဆက်သွယ်အကြောင်းကြားပေးပါဖို့ ဖိတ်ခေါ်ပါတယ်။