ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1728

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနေသည်။

ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနေသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်း ဝန်းကျင်ဈေးဖွင့်ထားခဲ့သည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ အတက်အကျနည်းနေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၃၈  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ဓာတ်ဆီဝယ်ရခက်ခဲပြီး တန်းစီဝယ်ယူနေရပြီးနောက် ဈေးနှုန်း အပြောင်းအလဲနည်းခဲ့သည်။

ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲနည်းနေပြီး တစ်လီတာလျှင် နှစ်ထောင်သုံးရာကျပ်နီးပါး ပေါက်ဈေးရှိနေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၈၅ ကျပ် ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၇၅၀ ကျပ်မှ  ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အတက်ဈေးတွင် ဆက်ရှိနေမည်ဖြစ်သည်။

နိုင်ငံအနှံ့တိုက်ပွဲများ ပြင်းထန်လာခြင်း၊ ပြည်တွင်းဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးတော့ခြင်း၊ ဘဏ်ခွဲအချို့ ပိတ်သိမ်းခြင်းကြောင့် ငွေကြေးထက်စိတ်ချရသည့် ရွှေဝယ်ယူစုဆောင်းသူ ပိုများလာသည်။

ထို့အပြင် ကမ္ဘာ့ရွှေဈေးလည်း အမြင့်ဆုံးဈေးသို့ ပြန်တက်လာပြီး  တစ်အောင်စလျှင် ၂၀၀၂ ဒေါ်လာ ဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၈၀ ဒေါ်လာသာ ပေါက်ဈေးရှိသည်။

တစ်ဖက်တွင်လည်း ဒေါ်လာငွေလဲနှုန်းတက်နေပြီး  တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ထိုအခင်းအကျင်းများကြောင့် ပြည်တွင်းရွှေဈေးမှာ အတက်ဈေးတွင်ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့် ဆက်နွယ်နေသည့်အတွက် အတက်ဈေးတွင် ဆက်ရှိနေမည်ဖြစ်သည်။

သို့သော် ပြည်တွင်းနှင့် နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးနေသည့်အတွက် အတက်ကြမ်းမည့် အနေအထားမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းအခြေအနေနှင့် MOGE အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် စက်သုံးဆီဈေးမှာ လက်ရှိပေါက်ဈေးထက် တက်လာနိုင်သည်။

စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အဓိက နိုင်ငံခြားဝင်ငွေရရှိနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားသည်။

နိုင်ငံခြားပိုင် ထိန်းချုပ်ရေးရုံး (OFAC) က MOGE ကို အရေးယူပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အကျိုးသက်မည်ဖြစ်သည်။

ထို့အပြင် ပြည်တွင်း စက်သုံးဆီပြတ်လပ်မှုဂယက်နှင့် တိုက်ပွဲများကြောင့် အတက်ဈေးတွင် ဆက်ရှိနေမည်ဖြစ်သည်။