၇ နာရီကြာ ကျောက်မဲတောင် စခန်းသိမ်းတိုက်ပွဲ ဘာကြောင့် မအောင်မြင်တာလဲ

0
2417

ထားဝယ်-ထီးခီးသွားကားလမ်းဘေးက ကျောက်မဲတောင်စခန်းကို သိမ်းနိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေး စုပေါင်းတပ်များက ၇ နာရီကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ရသည်။

အခိုင်အမာတည်ဆောက် ထားသည့် စစ်ကောင်စီ၏ ကျောက်မဲတောင်စခန်းကို နိုဝင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲမှစတင်ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်မဲတောင်စခန်းမှာ ဘန်ကာများ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတည်ဆောက်ထားပြီး သစ်ပင်ကြီးများလည်းရှိသဖြင့် အကာအကွယ်ကောင်းသည့် စခန်းဖြစ်ကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မုတ်ဆိတ်နှင့် ဒေသခံများက စခန်းအခြေအနေကို ပြောပြသည်။

သို့သော်ယင်းစခန်းတွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီး စုစုပေါင်း ၃၀ ဝန်းကျင်ခန့်သာရှိသဖြင့် အချိန်တိုအတွင်း အပြီးသိမ်းနိုင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူအချို့က ခန့်မှန်းထားသည်။

“အဲ့ဒီစခန်းကို (နိုဝင်ဘာ ၂၃ ရက်) အဲ့ဒီနေ့မှာ အပြီးသိမ်းဖို့ ကာကွယ်ရေးတပ်တွေက ဆုံးဖြတ်ထားကြပါတယ်” ဟု Dawei Defense Team-DDT တပ်ဖွဲ့ခေါင်းဆောင် ကိုရေလှိုင်းက တိုက်ပွဲအပြီးတွင် Dawei Watch ကိုပြောဆိုသည်။

“အဲ့ဒီစခန်းသိမ်းလို့ရပြီးရင် ပကာရီရဲကင်းစခန်းကိုပါ ဆက်သိမ်းဖို့ရှိတယ်” ဟု ၎င်းကဆက်ပြောသည်။

ယင်းစခန်းမှာ အရှေ့တောဒေသတွင် အရေးကြီးသည့် စခန်းတစ်ခုဖြစ်ခြင်းကြောင့် သိမ်းပိုက်နိုင်ရေးအတွက် စနစ်တကျ ဗျူဟာချထားသလို သာလွန်အင်အားဖြင့် ဝင်တိုက်ရန် လုပ်ဆောင်ခြင်းဖြစ်ဟုလည်း တိုက်ပွဲဖော်ဆောင် သူများထံမှသိရသည်။

တောင်သုံးလုံးကျေးရွာမှ နိုင်ငံရေးနှင့်စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးကလည်း ကျောက်မဲတောင်စခန်းမှာ အရှေ့တောဒေသတွင် အခိုင်မာဆုံးစခန်းတစ်ခုဖြစ်ပြီး ယင်းစခန်းကိုရပါက ကျန်စခန်းများသိမ်းရန် လွယ်ကူသွားပြီဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

တိုက်ပွဲစပြီး ၂ နာရီ ၃ နာရီအတွင်းမှာ စခန်းအပြီးသိမ်းနိုင်မည်ဟု တွက်ချက်ထားသော်လည်း နေ့လယ် ၁၂ နာရီခွဲအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စခန်းသိမ်းတိုက်ပွဲ မအောင်မြင်ဘဲ ပြန်ဆုတ်လာခဲ့ကြရကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ယက္ခက Dawei Watch ကိုပြောပြသည်။

စစ်သတင်းပေါက်ကြား

မနက် ၄ နာရီတည်းက ကြိုတင်ပြင်ဆင်ပြီး တိုက်ပွဲစရန် ကျောက်မဲတောင် စခန်းရောက်သွားချိန်တွင် စစ်ကောင်စီတပ်သားများက သတင်းကြိုရထားပြီး တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ကိုရေလှိုင်းက ရှင်းပြသည်။

စစ်ရေးသတင်းမှာ မည်သို့ပျံ့သွားသည် မသိဘဲ အလှမ်းဝေးသူများပင် သိနေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်များကဆိုသည်။

“(အဝေးကသူများပင်)ကျောက်မဲတောင်၊ ပကာရီစစ်ဆေးရေးဂိတ်တွေဘက်မှာ ၂၇ ရက်မတိုင်ခင် တစ်ခုခု ထူးခြားမယ်လို့ ပြောဆိုတာတွေရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ၎င်းပြန်ကြားရသည်ကို ပြောဆိုသည်။

ယင်းသတင်းများ မည်သို့ပေါက်ကြားသည်ကို မသိရှိရသေးပေ။

သို့သော် စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန်တွင် အရှေ့တောဒေသမှ ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် အသွားအလာ သတိထားကြရန်နှင့် နေအိမ်များတွင် သတိထားနေကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးပြောကြားမှုများ လုပ်ဆောင်သည်မျိုးတော့ ရှိခဲ့သည်ဟု ဗိုလ်ယက္ခကဆိုသည်။

ကျည်ဆန်ကုန်ပြီ

ပြည်သူ့ကာကွယ်ရေး တပ်များက သာလွန်အင်အားဖြင့် စခန်းသိမ်းနိုင်ရန် ကြိုးစားနေသော်လည်း စစ်ကောင်စီဘက်က လက်နက်၊ကျည်ဆန်အင်အား သာလွန်သဖြင့် အလွယ်တကူ အနားကပ်မရဟု တော်လှန်ရေး အဖွဲ့များကဆိုသည်။

တိုက်ပွဲစပြီး မကြာမီတွင်ပင် မေတ္တာနယ်မြေရဲစခန်းဘက်က လက်နက်ကြီးများဖြင့် ကျောက်မဲတောင် စခန်းပတ်လည်ကို ပစ်ကူပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူအချို့က‌ပြောပြသည်။

မေတ္တာနယ်မြေရဲစခန်းက ပစ်သည့် ၁၂၀ မမ လက်နက်ကြီးမှာ ကျောက်မဲတောင်စခန်းရှေ့မှ နေအိမ်တစ်ဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၆ နှစ်အရွယ် မမီးပုနှင့် တူဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟုလည်း ၎င်းတို့ထံမှသိရသည်။

တိုက်ပွဲမှာ ၇ နာရီခန့် ကြာလာချိန်တွင်တော့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်က ကျည်ဆန်ကုန်သွားပြီဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲကို စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် စုပေါင်းတိုက်နေကြချိန်တွင် ကျည်ကုန်ပြီဖြစ်၍ ပြန်ဆုတ်ကြရန် ထားဝယ်စုပေါင်းစစ်ကြောင်းကို အခြားအဖွဲ့များက သတင်းပို့လာသည်ဟု ဗိုလ်ယက္ခကဆိုသည်။

“သူတို့ကို အထင်သေးလို့တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ချထားတဲ့ ဗျူဟာရယ် ကျွန်တော်တို့ဘက်က သုံးတဲ့လူအင်အားရယ်ဆိုတော့ ကျွန်တော်တို့က လွယ်လွယ်ကူကူလေးနဲ့ အများဆုံးကြာရင် နှစ်နာရီသုံးနာရီပေါ့နော် ကျွန်တော်တို့က အဲ့လိုမျိုးတွက်ထားတာ ၊အခုက နှစ်နာရီသုံးနာရီမဟုတ်ဘဲ တမနက်စာလုံးကုန်သွားတော့ အဲ့ဒီမှာ ကျည်ဆန်ကုန်သွားတဲ့အခါကျတော့ ဘာမှ လုပ်လို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

ကျောက်မဲတောင် စခန်းသိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ပြီး ဗျူဟာချလုပ်ဆောင်ခဲ့သော်လည်း သတင်းပေါက်ကြားမှုနှင့် လက်နက်အင်အား သာလွန်မှုကြောင့် ပြန်ဆုတ်ခဲ့ရခြင်းဟု တော်လှန်ရေး အဖွဲ့များက သုံးသပ်ပြောဆိုကြသည်။

“လက်နက်ခဲယမ်းအခက်အခဲပေါ့နော်၊ ကိုယ့်မှာက ခြွေတာနေရတယ်ဆိုတော့၊ သူတို့မှာ လက်နက်ခဲယမ်းက အလွန်အကျွံသုံးတယ်၊ ရဲဘော်က ဘယ်လောက်မှရှိတာမဟုတ်ဘူး။ အဲ့ဒီမှာပြီးရင် ပကာရီစခန်းကို ချိန်ထားတယ်ပေါ့နော်၊ အဲ့ဒီဘက်ခြမ်းမှာမရတော့ ကျွန်တော်တို့လည်း လက်လျော့လိုက်တယ်”ဟု ကိုရေလှိုင်းက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံအနှံ့ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပေါ်နေချိန်တွင် တနင်္သာရီတိုင်းတွင် တိုက်ပွဲဖော်ဆောင်မှု မရှိသဖြင့် ပြည်သူများအကြား ဝေဖန်မှုများရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေး တပ်များဘက်ကမူ တိုက်ပွဲတစ်ခု ဖော်ဆောင်ရန်အတွက် သုံးစွဲရသည့် စစ်ရေးစရိတ်အများ အပြားရှိပြီး အထူးသဖြင့် ကျည်ဆန်လုံလုံလောက်လောက်ရှိရန် အကူအညီများစွာ လိုအပ်နေကြောင်း ပြောဆိုကြသည်။

“ကျွန်တော်တို့အနေနဲ့ မအောင်မြင်ဘူးဆိုတာကတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေကလည်း အားနည်းတာပေါ့နော်၊ စခန်းသိမ်းတိုက်ပွဲတိုက်တယ်ဆိုတာမျိုးကလည်း လက်နက်ခဲယမ်းက အားလုံးပြည့်စုံမှပဲ အဆင်ပြေတယ်။ ပြည်သူတွေကလည်း အားနည်းတယ်ဆိုတော့ ကျွန်တော်တို့မှာ လက်နက်ခဲယမ်းကလည်း‌ တော်တော်လေးအားနည်းတာပေါ့နော်”ဟု ဗိုလ်ယက္ခက ပြောဆိုသည်။