ထားဝယ်မြို့အတွင်း အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
3394

ထားဝယ်မြို့အတွင်း ဆန်းချီရပ်ကွက်တွင် နိုဝင်ဘာ ၁၉ ရက်(ယနေ့) မွန်းလွဲပိုင်းက  အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စားသောက်ဆိုင်တွင် အသက် ၂၃ နှစ်အရွယ် ကိုကျော်ဇင်ဦးဆိုသူ ပစ်သတ်ခံရခြင်းဖြစ်သည်။

ဘောင်းဘီအရှည် နှင့် အင်္ကျီအနက်ရောင်ဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် လူငယ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက လာရောက်ပစ်သတ်သွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“သေဆုံးသူနဲ့ ဆိုင်ထဲဝင်လာတာ ငါးမိနစ်လောက်ပဲခြားမယ်။ လာပစ်သွားတာက”ဟု အဆိုပါမြို့ခံက ပြောသည်။

ကိုကျော်ဇင်ဦးမှာ ဆန်းချီ(ကျွန်းမွှေး)ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ နားထင်၊ရင်ဘတ်နှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရကာ သေဆုံးသွားကြောင်း သိရသည်။

ကိုကျော်ဇင်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ဆိုသည်ကိုမူ အသေးစိတ်မသိရသေးပေ။

သေဆုံးသူ၏ ရုပ်အလောင်းကို ညနေ ၃ နာရီခွဲခန့်တွင် အရေးပေါ်ကားဖြင့် လာရောက်သယ်ယူသွားကြောင်း သိရသည်။