ထိုင်းတွင် မြန်မာလုပ်သား ၁၈၀ ကျော် အလုပ်ထုတ်ခံရသဖြင့် နေရေးစားရေး ခက်ခဲနေ

0
833

ထိုင်းနိုင်ငံ လယောင်းခရိုင်တွင် လုပ်အားခမရရှိဘဲ အလုပ်မှ အထုတ်ခံထားရသော မြန်မာအလုပ်သမား ၁၈၀ ကျော်သည် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း ထိုင်းသတင်းဌာနများနှင့် ကူညီပေးနေသူများထံမှ သိရသည်။

ထိုင်းအလုပ်ရှင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမား ၁၈၀ ကျော်ကို ကြိုတင်ကြောင်းကြားခြင်းမရှိ လုပ်အားခလည်း မထုတ်ပေးဘဲ နှစ်လအကြာတွင် အလုပ်မှ ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယင်းနောက် အလုပ်သမားများကို နေထိုင်ရာ နေရာများမှလည်း နှင်ထုတ်လိုက်ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အလုပ်သမားများမှာ လုပ်အားခ ၂ လစာမရသည့်အပြင် နေထိုင်သည့်အခန်းကပါ နှင်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲများစွာ ဖြစ်ပေါ်နေသည်ကို သိရှိရသဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကွင်းဆင်းကူညီခဲ့ကြောင်း ဖော်ပြထားသည်။

အလုပ်သမားများ၏ လုပ်အားခ အားလုံးပေါင်းလိုက်ပါက ဘတ် ၃ သန်းခန့်ရှိနိုင်ကြောင်း သိရသည်။

အလုပ်သမားများသည် နေထိုင်ရာနေရာမှ ဖယ်ရှားခံလိုက်ရသဖြင့် နီးစပ်ရာ တောစပ်တစ်နေရာတွင် သွပ်မိုးဖြင့် ယာယီတဲများထိုးကာ လုပ်အားခရရန် စောင့်ဆိုင်းနေခဲ့ကြသည်။

စားသောက်ရန်အတွက် ငွေကြေးမရှိသဖြင့် တောထဲရှိ ပီလောပီနံ၊ ပိန်းဥ၊ ကန်းစွန်းရွက်များ ခူး၍ ထမင်းနှင့် ငံပြာရည်ချက်ဖြင့် စားသောက်နေထိုင်ကြကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာပွဲစားများက အလုပ်သမားများကို ထိုနေရာဝန်းကျင်ရှိ လုပ်ငန်းခွင်များသို့ ခေါ်ယူအလုပ်သွင်းပေးခဲ့ပြီး လုပ်အားခမရသူများ၊ အလုပ်မရရှိသူများလည်း ရှိနေခဲ့ရာ နောက်ဆုံး ဒုက္ခရောက်လွန်းသဖြင့် အိမ်ပြန်ကြသည့်အဆင့်ထိ ရှိခဲ့ကြကြောင်း ကားအငှားလိုက်နေသော မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

“အခုကဘယ်လိုဖြစ်လဲဆိုတော့ ပိုက်ဆံ (လုပ်အားခ) တွေမရကြလို့ အလုပ်ပြောင်းကြတယ်။ နောက်ပိတ်ဆုံး အိမ်ပြန်ကြတယ်ပေါ့ဗျာ။ အိမ်ကနေပိုက်ဆံပြန်တောင်းပြီးတော့ အိမ်ပြန်တဲ့အဆင့်ထိ ရောက်ကုန်ကြတယ်။ ကျွန်တော်တို့ပဲ သွားကြို သွားပို့နေရတယ်” ဟု ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများ၏ အခက်အခဲများကို ထိုင်းနိုင်ငံသားများက ကနဦး သိရှိခဲ့သဖြင့် လိုအပ်သည့် အစားအသောက်များအား လာရောက်ကူညီပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

လတ်တလောတွင် အလုပ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားထားပေးခဲ့ပြီး လယောင်ခရိုင် အလုပ်သမားခန့်ထားရေးဌာနက ယနေ့ (အောက်တိုဘာ ၁၃) တွင် ကွင်းဆင်းကူညီပေးနေကြောင်း ဖော်ပြထားသည်။

Ref: naewna, CH 7 News HD, Bangkokbiznews