စစ်တွေတွင် ညမထွက်ရ အမိန့်ထုတ်၊ သံချပ်ကာကား သုံးစီး မြို့ထဲလှည့်နေ

0
772

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားသည့် ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ပြည်နယ်မြို့တော် စစ်တွေ၌ ညမထွက်ရအမိန့် ထုတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့အစည်းအဝေး ပြုလုပ်ကာ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။

စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များမှာ ည ၈နာရီခွဲ အပြီး ပိတ်သိမ်းရမည်ဖြစ်ပြီး ပြည်သူများမှာ ည ၉ နာရီမှစတင်ကာ အပြင် မထွက်ရန် အမိန့်ထုတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

မလိုက်နာလျှင် ဥပဒေအရ အရေးယူမည်ဟု ဆိုသည်။

ယင်းအပြင် ယနေ့ မြို့၏ အဓိက လမ်းမများတွင် သံချပ်ကာကားသုံးစီး လှည့်လည်နေကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခင်က တိုက်ပွဲ ဖြစ်ပွားသော်လည်း ယခုကဲ့သို့ သံချပ်ကာကားများ သွားလာခြင်း မတွေ့ရဟုလည်း ဖော်ပြထားသည်။

ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ကျောက်တော် မြို့နယ် အပေါက်ဝ နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်များ လက်နက်ချသဖြင့် စခန်းကို AA က သိမ်းယူထားကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

စစ်တွေသို့ ဝင်ရောက်သည့် ရေလမ်း၊ ကုန်လမ်း နှစ်ခုစလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြသည်။