လောင်းလုံးတွင် စိတ်ဝေဒနာသည်က ဓားဖြင့်လိုက်ထိုးသဖြင့် အမျိုးသားလေးဦးဒဏ်ရာရ

0
950

လောင်းလုံးမြို့နယ် သောကြာပြင်ရွာလမ်းဆုံအနီးတွင် ‌ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စိတ်ဝေဒနာသည်တစ်ဦး ဓားဖြင့်လိုက်ထိုးသဖြင့် အမျိုးသားလေးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ဓားဖြင့်ထိုးသူမှာ ကမြောကင်းရွာသား အသက် ၂၀ ကျော်အရွယ်ရှိ ကိုဖြူလင်းကို ဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက မူးယစ်ဆေးကြောင်ပြီး စိတ်မနှံဖြစ်လို့ ရန်ကုန်မှာလည်း ဆေးကုခဲ့ပြီးပြီ။ ပြန်ဖောက်လာတာဖြစ်မယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ဓားထိုးခံရသောကြောင့် သောကြာပြင်လမ်းဆုံ ဆိုင်ကယ်ကယ်ရီဂိတ်အနီးရှိနေသည့် ကိုနေဇော်လတ်ဆိုသူမှာဝမ်းဗိုက်တွင် အပြင်းအထန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် ကိုသန်းနိုင်နှင့် အခြားအမျိုးသား နှစ်ဦး တွင်လည်း ဓားဒဏ်ရာများရပြီး ဒဏ်ရာရသူများကိုထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

“သူ့ကိုသွားစကြတယ်လို့ပြောတယ်။ အဲဒါကြောင့် ဓါးနဲ့ လိုက်ခုတ်၊ လိုက်ထိုးတာလို့ သိရတယ်” ဟုနောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

အလားတူ ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ ဩရဂဠုန် ဘုရားလမ်းတွင်လည်း နိုဝင်ဘာလ ၈ရက်နေ့ ညနေ၆နာရီ ခန့်က မူးယစ်ဆေးကြောင်နေသူအမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို နေအိမ်ပေါ်တက်၍ ဓားဖြင့် ထိုးသည့် အတွက် ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။