ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၂ဦး ဖမ်းဆီးခံရ

0
745

ထိုင်းနိုင်ငံအလယ်ပိုင်း စူဖန်ဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို နိုဝင်ဘာလ ၈ရက်နေ့ ညပိုင်းတွင် အဝေးပြေးရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဒန်ချန်းဒေသရှိ အမှတ် ၃၃၃ အဝေးပြေးလမ်းမပေါ်တွင် အလေးချိန်ပိုမိုတင်ဆောင်လာသော ပစ်ကပ်ကားတစ်စီး မောင်းနှင်လာသည်ကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ရေးသားထားသည်။

သို့သော် ကား မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရကြောင်း ဖော်ပြသည်။

ကားထဲတွင် မြန်မာအလုပ်သမား ၁၂ ဦး လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိရပြီး ထိုင်းနိုင်ငံသား ကားသမားတစ်ဦးကိုလည်း တွေ့ရှိရကြောင်း သတင်းများက ဆိုသည်။

မြန်မာအလုပ်သမားများကို တာခ့်ခရိုင် မဲဆောက်မြို့မှတစ်ဆင့် စူဖန်ဘူရီခရိုင် တစ်နေရာသို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာခဲ့ကြောင်း ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သတင်းများတွင်ဖော်ပြထားသည်။

ယခင် အမှတ် ၃၄၀ အဝေးပြေးလမ်းမသည် အစစ်ဆေးများသည့်အတွက် အမှတ် ၃၃၃ အဝေးပြေးလမ်းမကို ပြောင်းလဲအသုံးပြုခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကားသမားက ဆိုသည်။

ကားသမားသည် ပို့ဆောင်ခ မြန်မာတစ်ဦးစီအတွက် ဘတ် ၂၀၀၀ ရရှိပြီး စူဖန်ဘူရီမှတစ်ဆင့် နောက်ထပ် ကားတစ်စီးဖြင့် ရတ်ခ်ျဘူရီ၊ ပထုံဌာနီနှင့် ဘန်ကောက်မြို့များသို့ ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း ဆက်လက် ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများနှင့် ကားသမားကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ဒန်ချန်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ယခု နိုဝင်ဘာလ ၉ ရက်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရမှု ၈ ကြိမ်အထိ ရှိခဲ့ပြီး အလုပ်သမားဦးရေ ၉၀ ခန့်အထိ ဖမ်းဆီးခံခဲ့ရကြောင်း Dawei Watch ၏ စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

Ref: Siamrath, Joe Joe, Banmuang