တနင်္သာရီတွင် ငါးရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

0
744
ဓါတ်ပုံ - တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ငါးရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦးကျဆုံးကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက်၊ ၆ ရက်နှင့် ၈ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့ ညဦးက အင်အား၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းအား ကမ်းမလိုင်းရွာအနီး တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျပါတယ်။ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ပါ” ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ရဲဘော်ကျဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တပ်ဖွဲ့အနေဖြင့် လတ်တလော ထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်ဖက်ဘက်လည်း ထိခိုက်မှုရှိခဲ့ပြီး မည်မျှထိခိုက်သေဆုံးသည်ကို အတည်မပြုနိုင်သေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တကူတိုက်နယ် ၉ မိုင်ရွာနှင့် ဘန်လောရွာများဖက်သို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက် ညနေ ၃ နာရီခွဲက သိန္ဓောရွာဖက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ကြာမြင့်ခဲ့ကြောင်း တော်လှန်ရေးအင်းအားစုများထံမှ သိရသည်။

ယင်းနောက် နိုဝင်ဘာ ၆ ရက် နေ့လည် ၁၂ နာရီခွဲတွင်လည်း သကျက်ကျေးရွာအုပ်စု၊ကျွဲထိန်ကုန်းရွာနှင့်ကဏန်းကွင်းရွာအနီး ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားပြီး ၅ နာရီကြာ မြင့်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၆၀ မမ ဗုံးသီး ၇ လုံးနှင့် MA1 ကျည်အိမ် တစ်ခု သိမ်းဆည်ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော် သုံးဦး ဒဏ်ရာအနည်းငယ်ရကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲကို မြိတ် (ပကဖ) ၊ တနင်္သာရီ (ပကဖ) မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၁) တို့မှ ပူးပေါင်းဖွဲ့စည်းထားသည့် ပူးပေါင်းစစ်ကြောင်း (၁) နှင့်အတူ တနင်္သာရီအခြေစိုက် KTLA ကော်သူးလေတပ်ဖွဲ့တို့က ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ရေးလုပ်ဆောင်မှုများ ဆက်လက်တိုးမြင့်လုပ်ဆောင်လာမည်ဖြစ်ပြီးခရီးသွားပြည်သူများ စစ်ရေးသတိရှိရန် ထုတ်ပြန်ချက်များကို လိုက်နာရန် မေတ္တာရပ်ခံကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ် တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။