သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
1106

သရက်ချောင်းမြို့နယ်၊ စစ်ကောင်စီခန့် ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝေ ယနေ့(နိုင်ဝင်ဘာ ၉) နံနက် ၉ နာရီခန့်တွင် ဆင်စွယ်ချောင်းရွာ၌ ပစ်သတ်ခံရကြောင်း‌ ဒေသခံများထံမှသိရသည်။

ဦးစိုးဝေမှာ ဆင်စွယ်ချောင်းကျေးရွာကို တစ်ဦးတည်း ဆိုင်ကယ်ဖြင့်သွားစဉ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဆင်စွယ်ချောင်းရွာမှာ ပဲဒက်ကျေးရွာအုပ်စုထဲမှ ရွာတစ်ရွာဖြစ်ပြီး ပဲဒက်ကျေးရွာနှင့်ရွာချင်းကပ်နေကာ သုံးမိုင်ခန့် အကွာအဝေးတွင်တည်ရှိသည်။

 “အလောင်းကတော့ အိမ်ပြန်ရောက်လာပြီ” ဟု ၎င်းက ပြောသည်။

အသက် ၅၇ နှစ်ခန့်အရွယ် ဦးစိုးဝေကို ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပဲဒက်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလ ၁၁ ရက်နေ့ကလည်း ပဲဒက်ကျေးရွာရှိ ပျူစောထီးစခန်းလုပ်ထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ယင်းနေ့က အုပ်ချုပ်ရေးမှူး ဦးစိုးဝေအိမ်နှင့် ပျူအဖွဲ့ဝင် ဦးဥာဏ်လှနေအိမ်၊ မိုင်တဲတာဝါတိုင်တို့ကိုလည်း PDF ပူးပေါင်းတပ်များက မီးရှို့ခဲ့သေးသည်။

ထိုစဉ်က ဦးစိုးဝေမှာ ထွက်ပြေးတိမ်းရှောင်နေပြီး နောက်ပိုင်း ရွာမှာပင်ပြန်လည် အခြေချနေထိုင်နေခြင်းဖြစ်သည်ဟု သိရသည်။

ပဲဒက်ကျေးရွာသည် သရက်ချောင်းမြို့နယ်တွင် ပျူစောထီးအားအကောင်းဆုံးရွာတစ်ရွာဖြစ်ပြီး ပျူစောထီးစခန်းလည်းရှိသည်။ နောက်ပိုင်းတွင် စစ်ကောင်စီတပ်သားများပါ ယင်းကျေးရွာတွင် တပ်စခန်းချနေထိုင်နေခြင်းဖြစ်သည်။