ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးထပ်တက်၊ ကျပ် ၆ သိန်းနီးပါးဖြစ်လာ

0
1190

အာဏာသိမ်းပြီးချိန်မှစတင်ကာ ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီး ယခုအခါတွင် လက်မှတ်တစ်ကြောင်းစာ တစ်စောင်ကို ကျပ် ၆ သိန်းနီးပါးအထိ ဖြစ်လာကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

အာဏာမသိမ်းမီအချိန် ၂၀၂၀ ခုနှစ်က ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်တစ်စောင်လျှင် ၉၈၀၀၀ ကျပ်သာရှိပြီး ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှစပြီး တစ်စောင်လျှင် ၅၈၀၅၀၀ ကျပ်ဖြစ်လာသဖြင့် ၅ ဆကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါ ဈေးနှုန်းတို့သည် Air KBZ လေကြောင်းလိုင်း၏ ဈေးနှုန်းများ ဖြစ်ကြသည်။

“ဈေးတွေ မိုးထောင်တက်လာတာ သာမန်လူတန်းစားအတွက်တော့ အရေးပေါ်အခြေအနေမဟုတ်ရင် မစီးကြပါဘူး” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

ငွေကြေးတတ်နိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများသာ လေယာဉ်ခရီးစဉ်ဖြင့် သွားလာလေ့ရှိကြကြောင်း ၎င်းက ဆိုသည်။

လေယာဉ်လက်မှတ်ဈေးများမှာ အောက်တိုဘာလအတွင်းမှစပြီး ၃၉၉၀၀၀ ကျပ်မှ ၄၀၅၀၀၀ ကျပ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ၄၅၃၀၀၀ ကျပ်မှ ၉ ရက်နေ့တွင် ၅၈၀၅၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်ဈေးကွက်မှ သိရသည်။

ထို့ပြင် အာဏာမသိမ်းမီအချိန်က မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ကော့သောင်း လက်မှတ်တစ်စောင်လျှင် ၁၂၀၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်အထိသာ ရှိခဲ့ကြောင်း ကော့သောင်းမြို့ခံအချို့က ပြောပြသည်။

အာဏာသိမ်းကာလတွင် ငွေကြေးဖောင်းပွမှုကြောင့် လေယာဉ်လက်မှတ်ခနှုန်းထားများ တဖြည်းဖြည်း စျေးမြင့်တက်လာနေခြင်းဖြစ်သည်။

ရန်ကုန်-ကော့သောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုဝင်ဘာလအတွင်း တစ်ပတ်လျှင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်ပြေးဆွဲသွားမည်ဖြစ်သည်။

Air KBZ လေကြောင်းလိုင်းသည် နိုဝင်ဘာလအတွင်း တစ်ပတ်လျှင် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေ ငါးရက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များကဆိုသည်။