တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၄)

0
1161

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးကြမ်းမှာ ရက်ပေါင်း ၁၀၀၀ ကျော်လာပြီဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့များလည်း ဒေသအလိုက်အများအပြား ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့ပေါင်း ခြောက်ဆယ်ကျော်အထိ ရှိလာပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသည်။

ယင်းသို့လက်နက်ကိုင်အဖွဲ့ များပြားသည်နှင့်အမျှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း အရေးပါလှသည်။

သို့သော် တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်လာသလို၊ အဖွဲ့အချို့နှင့် ပြည်သူများအကြားတွင်လည်း ပွတ်တိုက်မှုများ ရှိလာသည်။

အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ပြည်သူလူထုမှာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ စိုးရိမ်မှုများ၊ အားမလိုအားမရဖြစ်မှုများလည်း ဖြစ်ပေါ်လာနေသည်။

ယင်းအပြင် လူထုထောက်ပံ့မှု၊ ထောက်ခံမှု အားနည်းလာမည်ကို စိုးရိမ်ကြသူများရှိသလို ပြည်သူ့အပေါ် ထိခိုက်မှုပိုများလာမည့် အပေါ်တွင်လည်း ရတက်မအေးကြသူများလည်း ရှိနေသည်။

ယင်းကြောင့် တနင်္သာရီ တော်လှန်ရေးအရွေ့တွင် စုစည်းမှုအားကောင်းကောင်းဖြစ်လာစေရန် မည်သည့်အချက်များက အဟန့်အတားဖြစ်နေသနည်း ဆိုသည်ကို ရှာဖွေကြရန် သင့်ပြီဟု တော်လှန်ရေးတွင် ပါဝင်နေသူများက သုံးသပ်လာကြသည်။

ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ယင်းအခြေအနေများကို အတိုင်းအတာတစ်ရပ်အထိ ထင်ဟပ်ဖော်ပြနိုင်စေရန်အတွက် တော်လှန်ရေးအစုအဖွဲ့အသီးသီးတွင် ကျရာတာဝန် ထမ်းဆောင်နေသည့် လူငယ်များကို မေးမြန်းဖော်ပြလိုက်ပါသည်။

တနင်္သာရီပုံရိပ်အစီအစဉ် (၄)တွင် နှင်းဆီရောင်အမျိုးသမီးသမဂ္ဂနှင့် ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီဝင်တစ်ဦးကို မေးမြန်းထားပါသည်။

အခြားအစုအဖွဲ့များနှင့် မေးမြန်းထားမှုများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

“ဒီတော်လှန်ရေးက လူထုရဲ့အသက်တွေ၊ ဘဝတွေ ရင်းထားရတယ်ဆိုတာကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေးလေးနက်နက် သတိပြုစေချင်တယ်”

ခရု

နှင်းဆီရောင်အမျိုးသမီးသမဂ္ဂနှင့် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီဝင်

DW ။ လက်ရှိတနင်္သာရီတိုင်းက တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား စုစုစည်းစည်း ဖြစ်နေကြပြီလား။ ဒါမှမဟုတ် ကွဲနေကြဆဲလား။ ဘယ်လိုတွေ့ရလဲ။

ဖြေ ။ တော်လှန်ရေးအဖွဲ့တွေမှာဆိုရင် လက်နက်ကိုင်အဖွဲ့က NUG အောက်မှာကတော့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ရှိမယ်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေထဲက ပြောမယ်ဆိုလို့ရှိရင် မွန်ပြည်သစ်ပါတီတချို့ရှိတယ်။ ပြီးတော့ မြိတ်ခရိုင်၊ ထားဝယ်ခရိုင်ထဲမှာဆိုရင် KNU တပ်မဟာ ၄ ရှိတယ်ပေါ့နော်။ KNU ကနေခွဲထွက်လာတဲ့ ကော်သူးလေ အာမီရှိတယ်။ ပြီးတော့NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တပ်ရင်းတပ်ဖွဲ့တွေ ရှိကြသလိုမျိုးပဲ သီးခြားရပ်တည်နေကြတဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (Local PDF) တွေလည်း တော်တော်များများရှိကြတယ်ပေါ့နော်။

ဒီလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ကျတော့ စုစုစည်းစည်းရှိနေကြပြီလားလို့ပြောရင် လုံလောက်တဲ့ စုစည်းမှုမျိုးတော့ မလုပ်နိုင်သေးဘူးလို့ မြင်တယ်။ ဘာလို့ အဲဒီလိုမြင်လဲဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား မှာလည်း ပဋိပက္ခအသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေ တွေ့ရတယ်ပေါ့နော်။ NUG ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ဆိုလို့ရှိရင်လည်း Control နဲ့ Comment အားမကောင်းတဲ့ လက္ခဏာတွေလည်း တွေ့ရတယ်။ ဥပမာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အချင်းချင်း ကြားထဲမှာလည်း မပြေလည်မှုတွေ တချို့ရှိတယ်လို့ကြားနေရတယ်ပေါ့နော်။ Local PDF တွေကို ကြည့်မယ်ဆို လို့ရှိရင်လည်း ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးနဲ့ လက်တွဲဆောင်ရွက်နေတာမျိုး မတွေ့ရဘူးပေါ့နော်။ ခြုံပြောမယ် ဆိုလို့ရှိရင်တော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြားမှာတော့ လုံလောက်တဲ့ စုစည်းညီညွတ်မှု ရှိမနေသေးပါဘူး။

DW ။ တော်လှန်ရေးတပ်တွေ ညီညီညွတ်ညွတ်ဖို့၊ အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့အတွက်ဆို ဘယ်လိုအချက်တွေကို ပြုပြင်ရမယ်လို့မြင်ပါသလဲ။

ဖြေ ။ အချင်းချင်းညီညွတ်ဖို့ဆိုတာ ခက်ခက်ခဲခဲလုပ်ဆောင်ရမယ့်အရာဖြစ်သလိုမျိုးပဲ မ‌ဖြစ်မနေ လုပ်ဆောင်ရမယ့် အရာလည်းဖြစ်တယ်ပေါ့နော်။ (ရေ) အိုင်ငယ်လေးတွေ၊ အိုင်ငယ်လေးတွေဆိုရင် ဗွက်ထရုံလောက်ပဲ ဖြစ်မယ် ပေါ့နော်။ ဒါပေမဲ့ အိုင်ငယ်လေးတွေစုပေါင်းလိုက်တဲ့အခါမှတော့ ပင်လယ်ကြီးလိုဖြစ်လာပြီးတော့ လှိုင်းလုံးကြီးတွေက ထလာမှဖြစ်တယ်ပေါ့နော်။ ရန်သူကို တိုက်ခိုက်တယ်ဆိုတာက ရန်သူရဲ့ အားနည်းချက်ကို ရှာပြီးတော့ ကိုယ့်ဘက်က အားသာချက်တွေကိုစုစည်းပြီးတိုက်ခိုက်ရတယ်။ အဲဒီတော့ကိုယ့်ဘက်က အင်အားတစ်ခု ဖြစ်လာဖို့အတွက်ကတော့ ပြန့်ကျဲနေတဲ့အင်အားစုတွေကို စုစည်းပြီးတော့ အပြန်အလှန်နားလည်မှုတွေနဲ့ တော်လှန်ရေးကို မျက်နှာမူပြီးတော့ စုစည်းသင့်တယ်လို့မြင်တယ်။

စုစည်းမှုလုပ်တဲ့အခါမှာလည်း ပထမ အရေးကြီးတာက ကိုယ့်တပ်ဖွဲ့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ရှင်းရှင်းလင်းလင်းချမှတ်ထားဖို့ လိုအပ်တယ်။ အင်အားစုအလိုက်မူဝါဒတွေ ခိုင်ခိုင်မာမာရှိနေကြမှပဲ ခိုင်မာတဲ့မဟာမိတ်စုဖွဲ့မှုတွေက ရှိလာကြမှာပဲပေါ့နော်။ အနည်းဆုံးကတော့ တိုက်ပွဲနည်းနာချင်းတူညီတဲ့စုဖွဲ့ကြားမှာ ခိုင်မာအားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေး ရှိနေရမှာပေါ့နော်။

DW ။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိက အရေးကြီးတဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ပျောက်နေတယ်လို့ ပြောဆိုကြတာရှိတယ်။ အဲဒါအမှန်ပဲလား။ ဒီအချက်ကလည်း အရမ်းအရေးကြီးတယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘယ်လိုအကြံပြုချင်လဲ။

ဖြေ ။ နိုင်ငံရေးဦးဆောင်မှုပျောက်နေတယ်ဆိုတာထက် ဒေသတွင်းကိုကြည့်မယ်ဆိုရင် မူမမှန်ဘူးလို့ပြောရင် ပိုပြီး နီးစပ်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ NUG ကနေပြီးတော့ ဒေသတွင်းမှာ စစ်ရေး၊ နိုင်ငံရေးကို တိုက်ရိုက် ဦးဆောင်နေတာဖြစ်တယ်။ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) ၊ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေက မြို့နယ်အလိုက်မှာရှိတယ်ပေါ့နော်။ ဒါပေမဲ့ ရပ်ရွာထဲမှာ အသံချဲ့ဖွင့်တာကအစ ပကဖက အမိန့်ထုတ်နေရတာက မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒါကကျတော့ အရပ်ဘက်အုပ်ချုပ်ရေးက လုပ်ဆောင်ရမယ့်ဟာပဲ ဖြစ်တယ်။ ဒါကအခြေခံကျဆုံး ဥပမာပဲရှိသေးတယ်။ ကျန်တဲ့အားနည်းချက်တွေကတော့အများကြီးပဲပေါ့။ အရှေ့မှာပြောခဲ့တဲ့ (နိုင်ငံရေးဦးဆောင်မှု) မူမမှန်ဘူးလို့ပြောတာက ဖဒယ်ရယ်ယူနစ်လို့ပြောပြီးတော့ ဖယ်ဒရယ်ရဲ့ အခြေခံစံနှုန်း တွေတောင် ပျောက်နေတာတွေ့ရလို့ပြောတာဖြစ်တယ်။ တကယ်ဆိုရင် ဒေသတွင်း နိုင်ငံရေးဦးဆောင်မှုကို ဗဟိုအစိုးရ‌ကနေပြီး တိုက်ရိုက်လမ်းညွှန်နေတာမျိုး မဖြစ်သင့်ဘူးလေ။ ဖယ်ဒရယ်မှာက ဒေသန္တရအုပ်ချုပ်ရေးကို ဗဟိုကလမ်းညွှန်းချက်အတိုင်း လိုက်လုပ်နေရတာမျိုးမရှိဘူး။ အဲဒီတော့ဒေသတွင်းမှာ နိုင်ငံရေးကိုဦးဆောင်မှု ပေးနိုင်မယ့် ပလက်ဖောင်းတစ်ခုကတော့ ရှိကိုရှိနေဖို့သင့်တယ်။ ဒါမှပဲမြေပြင်မှာကောင်အထည်ဖော်တာမှာ ပိုပြီးထိရောက်မှာ ဖြစ်တယ်။

ကျွန်မတို့ အမြဲတမ်းပြောသလိုမျိုးပဲ။ ကျွန်မတို့ဒေသကို ဖယ်ဒရယ်ယူနစ်တစ်ခုအနေနဲ့ စဉ်းစားတယ် ဆိုလို့ရှိရင် ‌ပြည်နယ်ရဲ့ နိုင်ငံရေးအခွင့်အာဏာသုံးရပ်စလုံးကို ပိုင်ဆိုင်တဲ့ ပြည်နယ်ကောင်စီဖွဲ့စည်းနိုင်ဖို့က အရေးကြီးတယ်။ မဟုတ်ရင်တော့ ဒေသတွင်းနိုင်ငံရေးဦးဆောင်မှုကဏ္ဍကတော့ ပျောက်ဆုံးနေအုံးမှာပါပဲ။

DW ။ နိုင်ငံရေးဦးဆောင်မှုပေးနိုင်မယ့် ပလက်ဖောင်းတစ်ခုရှိလာဖို့အတွက် တော်‌လှန်ရေးကိုဦးဆောင်နေတဲ့ သူတွေအနေနဲ့ ဘာတွေလုပ်ဖို့လိုအပ်နေလဲ။ ဘာတွေပြုပြင်ဖို့လိုအပ်နေလဲ။

ဖြေ ။ အချင်းချင်းညီညွတ်ဖို့လိုတယ်။ အခုဟာက အချင်းချင်းကပြန့်ကျဲနေတုန်းပဲ။ တနင်္သာရီတိုင်းကိုကြည့်မယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေကလည်းအများကြီးပဲ။ သပိတ်အင်အားစု စသဖြင့် ပကဖ တွေလည်းရှိတယ် အသီးသီး ရှိကြတယ်။ အခုအချိန်မှာ အဲဒါတွေကို စုစည်းနိုင်တဲ့အနေအထားမှာ မရှိသေးဘူး။ နိုင်ငံရေးပလက်ဖောင်း တစ်ခု လိုအပ်တယ်ဆိုတာကို အရင်မစဉ်းစားနဲ့ဦး။ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုစည်းဖို့ကိုတောင် လုံးဝ လိုအပ်နေတဲ့ ကာလဖြစ်တယ်။ သူထင်တာသူလုပ်၊ ငါထင်တာငါလုပ်ဖြစ်နေကြတယ်။ အဲဒီလိုလုပ်တာတွေကို ဝေဖန်ထောက်ပြ မယ်ဆိုလို့ရှိရင်တောင်မှ ဝေဖန်‌ထောက်ပြလို့မရတဲ့အခြေအနေတွေဖြစ်နေတယ်။ ဒါကတကယ်က ဝေဖန်ထောက်ပြပြောဆိုရမယ့်အရာတွေဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးဦးဆောင်မှုပလက်ဖောင်းဆိုတာက စကားအနေနဲ့ပြောဆိုတာပဲရှိသေးတယ်။ စုစည်းကြဖို့ကိုတောင် ခက်ခက်ခဲခဲလုပ်ယူနေရတဲ့အဆင့်မှာပဲ ရှိသေးတယ်။

DW ။ ပြည်သူတွေကတော့ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရ၊ နေအိမ်မီးရှို့ခံရ စသဖြင့်ပေါ့ ပေးဆပ်မှုကအရမ်းများနေပြီ။ ကဏ္ဍအလိုက် တော်လှန်ရေးကို ဦးဆောင်နေတဲ့သူတွေအချင်းချင်းကြားမှာတော့ ညီညွတ်မှု၊ စုစည်းမှုဆိုတာမျိုး မတွေ့ရဘူး။ အဲဒီအပေါ် ဘယ်လိုပြောချင်တာရှိလဲ။

ဖြေ ။ တော်လှန်ရေးဟာ အခုဆိုရင် ရက်ပေါင်းတစ်ထောင်လည်းကျော်လာပြီ။ သုံးနှစ်နီးပါးရှိနေပြီပေါ့နော်။ စစ်ရေးလှုပ်ရှားမှုက ပြင်းထန်လာတာနဲ့အမျှလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကလည်း ကြားနေ၊ မြင်နေ၊ သိနေရသလိုပဲ နေ့စဉ်ခြိမ်းခြောက်ခံနေရတယ်။ ပြောရမယ်ဆိုရင် တော်လှန်ရေးကြာလာလေလေ လူထုဘဝကတွေက ပိုပြီးနစ်မွန်းလာလေလေပဲ။

(ကချင်လွတ်မြောက်ရေးတပ်၊ KIA ခေါင်းဆောင်တစ်ဦးဖြစ်သူ) ဗိုလ်ချုပ်ဂွမ်မော်ကတော့ပြောတယ်။ ငါးနှစ်ထက်ပိုကြာလို့မရတော့ဘူးဆိုပြီးတော့။ ဟုတ်တယ်။ ဒါကအင်မတန်‌အရေးကြီးတဲ့အချက်ဖြစ်တယ်။ တိုက်ပွဲဟာ ငါးနှစ်လောက်အထိ အရှိန်ကောင်းနေလို့ရှိရင် ပြည်သူလူထုတွေရဲ့ အရမ်းကိုပဲဆိုးရွားသွားလိမ့်မယ်။ ဒီတော့ နိုင်ငံရေးပဋိပက္ခတွေက လွတ်မြောက်ထွက်ဖို့ဆိုရင် အချင်းချင်းက ပူးပေါင်းဆောင်ရွက်တတ်ဖို့လိုတယ်။ ဒီတော်လှန်ရေးက လူထုရဲ့အသက်တွေ၊ ဘဝတွေ ရင်းထားရတာဖြစ်တယ်ဆိုတာကို တော်လှန်ရေးအင်အားစုတွေ အနေနဲ့ လေးလေးနက်နက်သတိပြုစေချင်တယ်။ ဒေသတွင်းက တော်လှန်ရေးအင်အားစုတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ အခြေခံသဘောတရားတွေကို လက်တွေ့ကျင့်သုံးပြီးတော့ စစ်ရေး၊ နိုင်ငံရေးကို ဦးဆောင်မှု ပေးနိုင်တဲ့ အင်အားတစ်ရပ်ဖြစ်လာဖို့ ညီမအနေနဲ့ တိုက်တွန်းချင်တယ်ပေါ့နော်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဖြည့်စွက်ပြောချင်တာက တစ်ခုပဲပြောချင်တယ်ပေါ့နော်။ ဘာလဲဆိုတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ကြားမှာ ညီညွတ်မှု၊ စုစည်းမှုရဖို့ဆိုရင် အားလုံးကို တန်းတူရည်တူ အသိအမှတ်ပြု ဆက်ဆံရမှာပဲ။ ငါတို့ကကျတော့ နိုင်ငံရေးအရ တရားဝင်မှုရှိတယ်၊ အဲလိုမျိုးက အမြဲတမ်းကြားနေရတာပေါ့နော်။ ငါတို့က ဒီလိုစီစဉ်ထားပြီးဖြစ်တယ်။ မင်းတို့လာပူးပေါင်း၊ အဲဒီလိုပုံစံမျိုးတွေနဲ့ရှေ့ဆက်ဖို့ကတော့ ဆက်ပြီးခက်ခဲနေဦးမှာပါပဲလို့ ကျွန်မက အကြံပြုချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။