ဘန်ကောက်အနီးတွင် ကိုယ်ဝန်​ဆောင် မြန်မာတစ်ဦး ကားတိုက်ခံရ

0
794

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် အရက်မူးပြီး မောင်းလာသော ကားတစ်စီးက ကိုယ်ဝန်​ဆောင် မြန်မာအမျိုးသမီးတစ်ဦးကို အနောက်က ဝင်တိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် စမွတ်ပရကန်ခရိုင် ဘန်ဘော်ဒေသရှိ ဘန်ဘော်ဘုန်းကြီးကျောင်းလမ်းတွင် ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးသည် အသက် ၃၀ နှစ်အရွယ် မဇင်မာဝင်းအမည်ရှိ ကိုယ်ဝန် ၇ လလွယ်ထားသူဖြစ်ပြီး လိုင်းကားပေါ်တက်သောအချိန်တွင် အရက်မူးပြီး မောင်းလာသော ကားက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။

ကားတိုက်ခံရမှုကြောင့် မြန်မာအမျိုးသမီးတွင် ခြေထောက်ကျိုးသည့်ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဆေးရုံရောက်ရှိသောအခါ မြန်မာအမျိုးသမီးတွင် ညာဖက်ခြေထောက်ရှိ ရိုးနှစ်ချောင်းကြိုးနေသည်ကို တွေ့ရှိခဲ့ရပြီး စမွတ်ပရကန်ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရဟုဆိုသည်။

ကားကို ထိုင်းနိုင်ငံသားတစ်ဦးက ဇနီးဖြစ်သူနှင့်အတူ မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ကားတိုက်မှုဖြစ်ပြီးနောက် အော်ဟစ်ဆဲဆိုနေသဖြင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ကာ ဘန်ဘော်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကားသမားက မိုးကြောင့် လမ်းချော်နေသဖြင့် အရှေ့တွင် ရှိနေသော အမျိုးသမီးနှင့် လိုင်းကားငယ်ကို မြင်သော်လည်း ဘရိတ်အုပ်၍ မမီကာ ဝင်တိုက်ခဲ့မိခြင်းဖြစ်ကြောင်း ထွက်ဆိုချက်ကို ဖော်ပြထားသည်။

ကားသမားကိုစစ်ဆေးရာတွင် အရက်အလွန်အကျွံသောက်ထားသည်ကို တွေ့ရှိရသဖြင့် အရက်သောက်၍ မဆင်မခြင်မောင်းနှင်မှုနှင့် အခြားသူအား ထိခိုက်ဒဏ်ရာရရှိမှုဖြင့် အမှုဖွင့်ထားပြီး ဘတ် ၃၀၀၀၀ ဖြင့် အာမခံထားကြောင်း ဖော်ပြထားသည်။

Ref: CH 7 News HD, The Thaiger, One 31