မုံးကိုးကို သိမ်းယူလိုက်ပြီး စခန်း ၁၅၀ကျော်ကိုလည်းသိမ်းယူထားကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

0
777

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ နိုဝင်ဘာလ ၈ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို နိုဝင်ဘာလ ၅ရက်နံနက်မှ စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး သုံးရက်အကြာ နိုဝင်ဘာလ ၇ရက် နေ့လယ်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့သည် မုံးကိုးမြို့၏အုပ်ချုပ်ရေးများကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ဒေသခံ ပြည်သူ့စစ်များလည်း ထွက်ပြေးသွားပြီဖြစ်သဖြင့် မုံးကိုးခရိုင်တစ်ခုလုံးကို ပြန်လည်ရရှိပြီဖြစ်ကြောင်းလည်း MNDAA က ဆိုသည်။

သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့ဝင်များ အသက်ပေးဆပ်ခဲ့ရကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၀၂၇ စစ်ဆင်ရေး ၁၂ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၇ရက်တွင် ကိုးကန့်၊ မုံးကိုး၊ ကွတ်ခိုင်တို့တွင် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၇ရက်အထိ စစ်ကောင်စီ၏ စစ်သေနင်္ဂဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်များ၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၁၅၀ ခန့်ကို သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲ ထုတ်ပြန်ထားသည်။

စစ်ဘက်ဆိုင်ရာလက်နက်ကြီးများဖြစ်သော သံချပ်ကာကားကြီး ခြောက်စီးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီးများကိုပါ သိမ်းဆည်းရရှိကြောင်းလည်း ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့ကလည်း အောက်တိုဘာလ ၂၇ရက်တွင် စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။