လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တို့ တိုက်ပွဲဖြစ်

0
939

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ ယနေ့(နိုဝင်ဘာ ၉)မနက် ရှစ်နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့မနက် ရှစ်နာရီဝန်းကျင်ခန့်မှစပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“မနက်ကတည်းကကြားနေတယ်။ လက်နက်ကြီးသံ ခုဏကဖုန်းဆက်မေးတော့မှာ နှစ်ဖက်ထိတွေမှု ဖြစ်တယ်လို့ သိရတာ”ဟု ၎င်းကပြောသည်။

နှစ်ဖက်ထိတွေ့မှုကြောင့် သဘောဆိပ်၊ပြင်ကြီး၊ကရင်ကြီး၊ကမ်းပနီစသည့် ဒေသများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု သိရသည်။

အဆိုပါစစ်‌ကြောင်းသည် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကို နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစတင် ရောက်ရှိနေခြင်းဖြစ်ပြီး ကျောက်ဆင်ကျေးရွာ အုပ်စုရှိ ကျောက်ဆင်၊ သဘော့ဆိပ် ၊ပြင်ကြီး၊ကရင်ကြီးနှင့် ကမ်းပနီ ရွာတို့ကို နယ်မြေရှင်းလင်းရန်လာခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

မနေ့ မနက်ပိုင်းက ကျောက်ဆင်ရွာတွင် ဒေသခံ ငါးဦးကို စစ်ဆေးမေးမြန်းဖမ်းဆီးခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လွတ်ပေးခဲ့ကြောင်း၊ ညပိုင်းတွင် သဘော့ဆိပ် ပြင်ကြီးရွာ၌ ညအိပ် စခန်းချခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီစစ်ကြောင်းသည့် နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို ရှောင်တစ်ခင်ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်နေသည်။