ထားဝယ်တွင် ပွင့်လင်းရာသီ အလှူဖိတ်စာ ရိုက်သူနည်း

0
683
ပုံစာ - ထားဝယ်ခရိုင်အတွင်းရှိ ဒေသတစ်ခုမှ တစ်ပတ်စာ ကထိန်ဖိတ်စာ

ထားဝယ်ခရိုင်အတွင်း ယခုနှစ် ပွင့်လင်းရာသီ အလှူပွဲများကျင်းပလာပြီဖြစ်သော်လည်း ဖိတ်စာရိုက်ကူးသည့်ပမာဏ နည်းနေဆဲဖြစ်ကြောင်း ဖိတ်စာနှင့်ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။

“ကိုဗစ်မတိုင်ခင်ကဆို အလှူတစ်ခုကိုဖိတ်စာစောင်ရေတစ်ထောင်အထက် မှာရှိတယ်။ အခုကျတော့ လုပ်ကြတယ်။ အများစုက စောင်ရေ ၂၀၀ ၊၃၀၀လောက်နဲ့ပြီးလိုက်ကြတယ်။ တချို့ကြလည်း ၁၀၀၊ ၁၅၀လောက်နဲ့ပြီးလိုက်ကြတယ် ။ ရိုးရိုးဖိတ်စာလောက်ပဲရိုက်ကြတော့တယ်“ ဟု ထားဝယ်မြို့ က ဖိတ်စာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။

ဖိတ်စာရိုက်ကူးမှုမှာ နယ်မြေအနေအထားအပေါ်မူတည်ကြောင်း နယ်မြေမအေးချမ်းသည့် ဒေသများတွင် ပွဲသေးများသာကျင်းပကြပြီး နယ်မြေအေးချမ်းသည့် ထားဝယ်မြို့ပေါ်တွင်မူ ပွဲကြီးများလုပ်‌လေ့ရှိကြောင်း မြို့ပေါ်ပွဲကြီးများတွင်မူ ဖိတ်စာစောင်ရေ ထောင်ဂဏန်းအထိ ရိုက်ကြောင်း ဖိတ်စာလုပ်ငန်းရှင်များက ဆိုသည်။

“လဆန်းကနေ ၁၃ ရက်နေ့အထိ လာဖိတ်ထားတဲ့ အလှူပွဲဖိတ်စာ ၁၈ ခုရှိတယ်။ အလှူပွဲတွေကတော့ ပုံမှန်ပြန်ကျင်းပနေတာပဲ။ အသံချဲ့စက်ဖွင့်မရတာတစ်ခုပဲ။ အလှူလာတဲ့ ပရိသတ်ကတော့ အလှူရှင်က ဖိတ်တဲ့အပေါ်မူတည်ပြီး အနည်းအများကွာတယ်“ ဟု လောင်းလုံးမြို့နယ်က အလှူပွဲများ၏အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

စက္ကူစျေးတက်လာခြင်းကြောင့် ဖိတ်စာရိုက်ကူးသည့်စျေး အပြောင်းအလဲ အနည်းငယ်ရှိကြောင်း ဖိတ်စာလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

“အလှူဖိတ်စာမှာဆိုရင် အရင် က ၅၀ ကျပ်တန်ဖိတ်စာက ၁၅၀လောက်ဖြစ်သွားတယ်။ စျေးအများဆုံး ဖိတ်စာကတော့ ၃၅၀ပေါ့ ၊ ၃ ဆ လောက်တော့တက်သွားတယ်“ ဟု ရေဖြူမြို့နယ်မှ ဖိတ်စာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်တွင် ပွဲလမ်းသဘင်များနဲ့ ပျော်ရွှင်တီးမှုတ်ကခုန်ခြင်းများ မပြုလုပ်ရန် လောင်းလုံးပကဖ က စာထုတ် တားမြစ်ထားပြီး ထားဝယ်ခရိုင်အတွင်းရှိ အခြားမြို့နယ်များတွင်မူ ယင်းကဲ့သို့တားမြစ်ခြင်းမရှိသေးပေ။

၂၀၂၀ ခုနှစ်နောက်ပိုင်း ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကထိန်အလှူပွဲများကို ဧည့်ပရိသတ်မပါဘဲ ကျင်းပခဲ့ကြသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ကာစတွင်လည်း အလှူပွဲကျင်းပမှု နည်းပါးခဲ့သည်။