ခရိုင်မြို့ ကောလင်းကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ

0
1060
Photos - MOD

စစ်ကိုင်းတိုင်း ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို တိုက်ခိုက်ပြီး လေးရက်မြောက်နေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၆ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ကောလင်းမြို့ကို ကချင်တပ် KIA၊ ရခိုင်တပ် AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက နိုဝင်ဘာလ ၃ရက် နံနက် ၄နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့ကို ယနေ့ သိမ်းယူနိုင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့လယ် ၁၂နာရီခန့်က ထုတ်ပြန် သည်။

စစ်ကောင်စီတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုဝင်ဘာလ ၅ရက်နေ့ ညနေထိ လက်နက် မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်းလည်း ဖော်ပြသည်။

ကောလင်းမြို့တိုက်ခိုက်ခံရပြီးနောက် လျှပ်စစ်မီး၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်မီးလောင်ပျက်စီးမှု အရေအတွက်တို့ကို စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသအခြေအနေကို ထုတ်ပြန်နေသည့် Kawlin Revolution-KR ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။