တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၁)

0
1321

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးကြမ်းမှာ ရက်ပေါင်း ၁၀၀၀ ကျော်လာပြီဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်လည်း တိုက်ပွဲများ ပြင်ထန်နေပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့များလည်း ဒေသအလိုက်အများအပြား ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့ပေါင်း ခြောက်ဆယ်ကျော်အထိ ရှိလာပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသည်။

ယင်းသို့လက်နက်ကိုင်အဖွဲ့ များပြားသည်နှင့်အမျှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း အရေးပါလှသည်။

သို့သော် တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်လာသလို၊ အဖွဲ့အချို့နှင့် ပြည်သူများအကြားတွင်လည်း ပွတ်တိုက်မှုများ ရှိလာသည်။

အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ပြည်သူလူထုမှာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ စိုးရိမ်မှုများ၊ အားမလိုအားမရဖြစ်မှုများလည်း ဖြစ်ပေါ်လာနေသည်။

ယင်းအပြင် လူထုထောက်ပံ့မှု၊ ထောက်ခံမှု အားနည်းလာမည်ကို စိုးရိမ်ကြသူများရှိသလို ပြည်သူ့အပေါ် ထိခိုက်မှုပိုများလာမည့် အပေါ်တွင်လည်း ရတက်မအေးကြသူများလည်း ရှိနေသည်။

ယင်းကြောင့် တနင်္သာရီ တော်လှန်ရေးအရွေ့တွင် စုစည်းမှုအားကောင်းကောင်းဖြစ်လာစေရန် မည်သည့်အချက်များက အဟန့်အတားဖြစ်နေသနည်း ဆိုသည်ကို ရှာဖွေကြရန် သင့်ပြီဟု တော်လှန်ရေး နယ်ပယ်တွင် ရှိနေသူများက သုံးသပ်ကြသည်။

ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ယင်းအခြေအနေများကို အတိုင်းအတာတစ်ရပ်အထိ ထင်ဟပ်ဖော်ပြနိုင်စေရန်အတွက် တော်လှန်ရေးအစုအဖွဲ့အသီးသီးတွင် ကျရာတာဝန် ထမ်းဆောင်နေသည့် လူငယ်များကို မေးမြန်းဖော်ပြလိုက်ပါသည်။

တနင်္သာရီပုံရိပ်အစီအစဉ်(၁)တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထား၀ယ်ခရိုင်အမှတ် ၂ တပ်ရင်း ပြန်ကြားရေးတာ၀န်ခံနှင့် ယောနသံ (ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့)ကို မေးမြန်းထားပါသည်။

အခြားအစုအဖွဲ့များနှင့် မေးမြန်းထားမှုများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

“အရှင်းဆုံးပြောရရင် ဗိုလ်ရူးမဖြစ်ဖို့ လိုတယ်။ တပ်တွေအသီးသီးမှာ အရည်အချင်းရှိတဲ့သူတွေကို ဦးဆောင်ခိုင်းဖို့လိုတယ်”

စောမောင်ထူး

ပြန်ကြားရေးတာ၀န်ခံ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထား၀ယ်ခရိုင်အမှတ် ၂ တပ်ရင်း

DW ။ လက်ရှိတနင်္သာရီတိုင်းရဲ့အနေအထားအရ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား စုစုစည်းစည်း ဖြစ်နေကြပြီလား။ ဒါမှမဟုတ် ကွဲနေကြဆဲလား။ ဘယ်လိုအနေအထားရှိလဲ။

ဖြေ ။ နှစ်ဖွဲ့၊ သုံးဖွဲ့ ပေါင်းပြီး ရန်သူစစ်ကောင်စီကို တိုက်နေပေမယ့်လည်း စုစည်းညီညွတ်မှု အရမ်းကြီး အားမကောင်း သေးဘူးလို့ ပြောလို့ရတယ်။ မြို့နယ်အလိုက်ဖြစ်‌စေ၊ ခရိုင်အလိုက်ဖြစ်စေ ၊ တနင်္သာရီဒေသ တစ်ခုလုံးဖြစ်စေ စုစည်းမှု ကောင်းကောင်းနဲ့ ဟန်ချက်ညီညီ စစ်ဆင်ရေးလုပ်ဖို့အတွက်ကတော့ ကျွန်တော်တို့ အများကြီး ကြိုးစားတည်ဆောက်ရဦး မယ်လို့ ရှုမြင်ပါတယ်ခင်ဗျား။

DW ။ တော်လှန်ရေးတပ်တွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့အတွက် ဘယ်လိုအချက်တွေက အဟန့်အတားဖြစ်နေတာလဲ။

ဖြေ ။ ကျွန်တော်တို့အားလုံးကတော့ ပထမဆုံးအနေနဲ့ မိမိရဲ့အတ္တမာနတွေကို ခဝါချဖို့လိုပါတယ်။ အရှင်းဆုံးပြောရရင် ဗိုလ်ရူးမဖြစ်ဖို့ လိုတယ်။ တပ်တွေအသီးသီးမှာ အရည်အချင်းရှိတဲ့သူတွေကို ဦးဆောင်ခိုင်းဖို့လိုတယ်။ ငါက အဖွဲ့ထူထောင်သူမို့လို့ ငါပဲဦးဆောင်ရမယ်ဆိုတဲ့ အနေအထားမျိုးနဲ့တော့ မရဘူး။ ဒုတိယတစ်ခုက စစ်ကိုစစ်နဲ့ တူအောင်တိုက်ဖို့အတွက် ကျွန်တော်တို့ရဲ့တပ်တွေကိုစနစ်တကျတည်ဆောက်ဖို့လိုပါတယ်။ အဲလိုတည်ဆောက်ထားမှသာလျှင် ကိုယ့်ဘက်က ထိခိုက်ကျဆုံးမှုနည်းနည်းနဲ့ တကယ်ထိရောက်တဲ့စစ်ဆင်ရေးတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျား။ တပ်တွေအားလုံး စနစ်တကျတည်ဆောက်ပြီး စုစည်းညီညွတ်မှုရှိရှိနဲ့ စစ်တိုက်မှ စစ်ရေးအရွေ့ဖြစ်ပြီး တော်လှန်ရေးအရွေ့လည်း ဖြစ်မယ်လို့ မြင်ပါတယ်။ဒီနှစ်ချက်ကို မလုပ်နိုင်တာက အဟန့်အတားတွေလို့ ပြောလို့ရပါတယ်။ အခုဆိုရင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့စစ်ဆင်ရေးကနေပြီး ကျွန်တော်တို့ကို အများကြီးသင်ပြသွားတယ်လို့ ထင်ပါတယ်။

DW ။ လက်ရှိသွားနေတဲ့ တော်လှန်ရေးရေချိန်က တနင်္သာရီတိုင်းမှာ ဘယ်အခြေအနေ ဘယ်အဆင့်ကို ရောက်နေတယ်လို့ သုံးသပ်မိလဲ။

ဖြေ ။ ချင်း၊ ကရင်နီ၊ မန္တလေးတို့နဲ့နှိုင်းယှဉ်ရင်တော့ စစ်ရေးအရရော နိုင်ငံရေးအရရော အားရစရာ မရှိသေးဘူးလို့ သုံးသပ်မိပါတယ်။

DW ။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိက အရေးကြီးတဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ပျောက်နေတယ်လို့ ပြောဆိုကြတာရှိတယ်။ အဲဒါအမှန်ပဲလား။ ဒီအချက်ကလည်း အရမ်းအရေးကြီးတယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘယ်လိုအကြံပြုချင်လဲ။

ဖြေ ။ နိုင်ငံရေးဦးဆောင်မှု ပျောက်နေတယ်ဆိုတာထက် နိုင်ငံရေးစိတ်ဆန္ဒကို အရင်ပြောရမယ်ထင်ပါတယ်။ တနင်္သာရီကို ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ သွားဖို့ဆိုရင် ဒေသထဲမှာရှိတဲ့ နိုင်ငံရေး၊ စစ်ရေး အင်အားစုတွေက သွားချင်တဲ့စိတ်ဆန္ဒရှိမှပဲ သွားလို့ရမှာပါ။ အင်အားစုအသီးသီးက တနင်္သာရီသည် ယူနစ်တစ်ခုအနေနဲ့ သွားမှရမယ်ဆိုတဲ့ စိတ်ဆန္ဒမရှိရင် နိုင်ငံရေးဦးဆောင်မှုဆိုတာလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး။ စစ်ရေးစုဖွဲ့မှုဆိုတာလည်း ကြန့်ကြာနေဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ကဏ္ဍနဲ့ ကိုယ့်ဒေသသည်လည်း ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ သွားမယ်ဆိုတဲ့ကဏ္ဍ အဲဒီနှစ်ခုစလုံးကို ကျွန်တော်တို့ ပြိုင်တူကြိုးစား တည်ဆောက်ရမယ်ဆိုတာကို အကြုံပြုချင်ပါတယ်။

DW ။ တိုင်းထဲမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ စုစုစည်းစည်းညီညီညွတ်ညွတ် ကြိုးစားမှ တော်လှန်ရေးအောင်မြင်ဖို့ မျှော်မှန်းနိုင်မှာဆိုတော့ အခုအခြေအနေကို ဘယ်လိုယူဆပါသလဲ။

ဖြေ ။ နွေဦးတော်လှန်ရေးမှာ စစ်ရေး၊ နိုင်ငံရေး အရှေ့အရောက်ဆုံးဒေသတစ်ခုပြောရမယ်ဆိုရင် အကုန်လုံးက ကရင်နီကိုပဲ ညွှန်းကြမှာပဲ။ သူတို့ စည်းလုံးမှုရှိလို့ ဒီလိုဖြစ်လာတာ။ မညီမညွတ်ဖြစ်ရင် ဒီကနေ့ အခြေအနေလို ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

တနင်္သာရီမှာကျတော့ လက်ရှိ အခြေအနေနဲ့ဆို ပန်းတိုင်ရောက်ဖို့ မပြောနဲ့ဦး။ ကရင်နီလို ဖြစ်ဖို့တောင် ကျွန်တော်တို့ အများကြီး ကြိုးစားအားထုတ်ရဦးမှာပါ။

DW ။ ဒီအချက်တွေ ဖြေရှင်းဖို့ဆိုရင် အရေးတကြီး ချက်ချင်းလုပ်သင့်တဲ့ အချက်က ဘာဖြစ်မလဲ။

ဖြေ ။ တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ လူထုအကျိုးစီးပွား အစဉ်တစ်စိုက် ဦးထိပ်ထားခြင်းနဲ့ ရိုးသားစွာ တော်လှန်ရေးလုပ်ခြင်းကို မြဲမြံစွာ လက်ကိုင်ထားဖို့က အရေးတကြီး ချက်ချင်းလုပ်သင့်တဲ့ အချက်လို့ မြင်ပါတယ်ခင်ဗျား။

“အချင်းချင်းအားပြိုင်နေကြတာမျိုးကို အတော်များများ တွေ့နေရပါတယ်”

ယောနသံ

မြေပြင်ကွင်းဆင်းရေးတာဝန်ခံ၊ ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့

DW ။ တနင်္သာရီတိုင်းရဲ့လက်ရှိအနေအထားအရ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား စုစုစည်းစည်း ဖြစ်နေကြပြီလား။ ဒါမှမဟုတ် ကွဲနေကြဆဲလား။ ဘယ်လိုအနေအထားရှိလဲ။

ဖြေ ။ တနင်္သာရီဒေသထဲမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အထူးသဖြင့် လက်နက်ကိုင်တပ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင် စုစုစည်းစည်းကတော့ မရှိသေးဘူးလို့ပြောလို့ရတယ်။ ဒါပေမဲ့ စုစည်းဖို့ ကြိုးစားနေကြတာတော့ရှိတယ်ပေါ့နော်။ နီးစပ်ရာ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကြောင်းစုဖွဲ့တာတွေရှိတယ်။ Local လို့ခေါ်တဲ့ ဒေသတွင်းကာကွယ်ရေးတပ်တွေကို စုစည်းပြီးတော့ ပကဖရဲ့အမိန့်စီးဆင်းမှုအောက်ကနေပြီး စုစည်းလိုက်တာမျိုးတွေရှိတယ်။ ဒါပေမဲ့လည်း ကြည့်လိုက်မယ်ဆိုရင် စုစုစည်းစည်းကတော့ မရှိသေးဘူးပေါ့နော်။

ဘာဖြစ်လို့မရှိသေးလဲဆိုတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားတွေက မတူတာတွေရှိတယ်။ နောက်တစ်ခုက လက်နက်ကိုင်တပ်တွေအချင်းချင်းကြားထဲမှာရှိတဲ့ လူပုဂ္ဂိုလ်တွေအရ အဆင်မပြေတာတွေ ရှိတယ်။ အထူးသဖြင့် လက်ကိုင်တပ်အဖွဲ့ခေါင်းဆောင်တွေက အစကတည်းကကိုမှ လူမူရေးအရ မကြေလည်တာတွေရှိတယ်။ အခုချိန်မှာရယ် ပေါင်းစပ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်နေကြတယ်ပေါ့။

နောက်တစ်ချက်က နိုင်ငံရေးအရ ပေါင်းစပ်လို့မရတဲ့အခြေအနေပေါ့။ တချို့လက်နက်ကိုင်တပ်တွေမှာ နိုင်ငံရေးအရ ဘယ်လိုအခင်းအကျင်းကို သွားမယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုထားတာတွေရှိတယ်။ ဒါကို တစ်ချို့လက်နက်ကိုင်တပ်တွေက သူတို့ရဲ့နိုင်ငံရေးရည်းမှန်းချက်တွေက မဖြစ်သင့်ဘူး။ သန္ဓေမမှန်ဘူးဆိုပြီး အချင်းချင်းကြားမှာ ကွဲလွဲမှုတွေရှိနေတယ်။

နိုင်ငံရေးအရ စုစည်းမှုမရှိတာကြောင့်လည်း လက်နက်ကိုင်တပ်တွေက တစ်ပေါင်းတစ်စည်းတည်း အမိန့်ပေးကွပ်ကဲလို့ မနိုင်ဘဲဖြစ်နေတယ်လို့ မြင်ပါတယ်။

DW ။ တော်လှန်ရေးအဖွဲ့တွေ ညီညီညွတ်ညွတ်နဲ့ အာဏာရှင်စနစ်ကိုတိုက်ဖျက်နိုင်ဖို့အတွက်ဆို ဘယ်လိုအချက်တွေကို ပြုပြင်ရမယ်လို့မြင်ပါသလဲ။

ဖြေ ။ တော်လှန်ရေးအဖွဲ့အစည်းတွေ ညီညွတ်မှုရှိရှိနဲ့ အာဏာရှင်စနစ်ကိုတိုက်ဖျက်နိုင်ဖို့ဆိုရင် အဖွဲ့အစည်းအသီးသီးရဲ့ အတ္တတွေကိုလျော့ချဖို့၊ ပုဂ္ဂိုလ်ရေးခံစားချက်တွေကိုလျော့ချပြီး မူဝါဒသဘောတရားတွေကို ဆုပ်ကိုင်ကြဖို့၊ ဘာသာလူမျိုး အစသဖြင့် ခွဲခြားမှုတွေကိုလျော့ချနိုင်ဖို့နဲ့ အရေးကြီးဆုံးကတော့ လက်နက်ကိုင်တော်လှန်ရေးကို နိုင်ငံရေးအရ ဦးဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်ဗျ။

လက်ရှိ တော်လှန်ရေးအခင်းအကျင်းမှာ မြင်နေရတာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ အတ္တကြီးပြီး အဖွဲ့စွဲ၊ လူပုဂ္ဂိုလ်စွဲနေကြတာတွေရှိတော့ ပေါင်းစပ်လို့မရနိုင်တာ၊ အချင်းချင်းအားပြိုင်နေကြတာမျိုးကို အတော်များများ တွေ့နေရပါတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့ လူပုဂ္ဂိုလ်အချင်းချင်းက ပုဂ္ဂိုလ်ရေးအရ မပြေလည်တာတွေရှိကြတော့ ပေါင်းစပ်လို့မရနိုင်ဘူး ဖြစ်နေကြတယ်ပေါ့။ ဆိုတော့ ပြည်သူလူထုအတွက်၊ တော်လှန်ရေးအတွက် ရှေးရှုပြီးတော့ ဒီလိုမျိုးစိတ်သဘောထားတွေကို အတတ်နိုင်ဆုံးလျော့ချနိုင်ဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။

DW ။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိက အရေးကြီးတဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ပျောက်နေတယ်လို့ ပြောဆိုကြတာရှိတယ်။ အဲ့လိုယူဆလား။ ဒီအချက်ကလည်း အရမ်းအရေးကြီးတယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘယ်လိုအကြံပြုချင်လဲ။

ဖြေ ။ တနင်္သာရီဒေသမှာကတော့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ပျောက်နေတယ်လို့ ပြောလို့ရသလို၊ နိုင်ငံရေးတောင်းဆိုချက်လည်း မရှင်းမလင်းဖြစ်နေတုန်းပဲလို့ မြင်မိပါတယ်။

တနင်္သာရီကို ပြည်နယ်(ယူနစ်)တစ်ခုအဖြစ်နဲ့ တည်ဆောက်ကြမလား၊ တနင်္သာရီမှာမှ ဘယ်ဒေသတွေက ပြည်နယ်အဖြစ်နဲ့ ခွဲထွက်ချင်ကြလဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သွားချင်လဲ စသဖြင့် နိုင်ငံရေးတောင်းဆိုချက်၊ နိုင်ငံရေးမျှော်ရည်ချက်တွေက မရှင်းမလင်းဖြစ်နေတုန်းလို့ မြင်မိပါတယ်။

နိုင်ငံရေးအရ မျှော်ရည်ချက်၊ ရည်မှန်းချက် ပန်းတိုင်မရှိဘဲနဲ့တော့ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေလို့လည်း အချည်းအနှီးပါပဲ။ ပြည်သူလူထုရဲ့ဘဝတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေ၊ လူငယ်အရင်းအမြစ်တွေ အချည်းအနှီး ဆုံးရှုံးနေဖို့သာရှိပါတယ်။

လူငယ်တွေအနေနဲ့ရော နိုင်ငံရေးသမားတွေအနေနဲ့ပါ တနင်္သာရီကို ဘယ်လိုထုဆစ်ပုံဖော်ကြမလဲဆိုတဲ့ စဥ်းစားချက်တွေကို ပြည်သူလူထုရဲ့ လိုလားတောင့်တချက်တွေနဲ့ ပေါင်းစပ်နိုင်ဖို့လိုပါတယ်။ ဒီတော့ ပြည်သူလူထုရဲ့ အသံတွေကို ဂရုတစိုက်နားထောင်ဖို့၊ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေအနေနဲ့လည်း အနာဂတ်တနင်္သာရီနဲ့ပတ်သက်ပြီး လွတ်လပ်စွာ တွေးခေါ်ဆွေးနွေးနိုင်တဲ့အခင်းအကျင်းမျိုးတွေ ပေါ်ထွန်းလာအောင် လမ်းဖွင့်ထားသင့်တယ်။အကောင်အထည်ဖော်သင့်တယ်လို့ ယူဆမိပါတယ်။

DW ။ ပြည်သူတွေကတော့ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရ၊ နေအိမ်မီးရှို့ခံရ စသဖြင့်ပေါ့ ပေးဆပ်မှုက အရမ်းများနေပြီ။ ကဏ္ဍအလိုက် တော်လှန်ရေးကို ဦးဆောင်နေတဲ့သူတွေ အချင်းချင်းကြားမှာတော့ ညီညွတ်မှု၊ စုစည်းမှုဆိုတာမျိုး မတွေ့ရဘူး။ အဲဒီအပေါ် ဘယ်လိုပြောချင်တာရှိလဲ။

ဖြေ ။ ဟုတ်ပါတယ်။ စစ်အာဏာသိမ်းစကတည်းက လက်ရှိအချိန်အထိ ပေးဆပ်မှုအကြီးမားဆုံးက ပြည်သူလူထုမှာပဲဖြစ်ပါတယ်။ ပြည်သူလူထုဘက်က ရှိသမျှအကုန်လုံးကိုပေးဆပ်ထားပေမယ့် အခုချိန်အထိ တော်လှန်ရေးအစုအဖွဲ့တွေအကြားမှာ စုစည်းညီညွတ်မှုရှိရှိနဲ့ အာဏာရှင်တော်လှန်ရေးကိုမဆင်နွှဲနိုင်သေးတော့ ပေးဆပ်ရတာနဲ့ မတန်သေးဘူးလို့ ပြောလို့ရတာပေါ့ဗျာ။

ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူလူထုတွေရဲ့ ပေးဆပ်အနစ်နာခံမှုတွေကို တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေအချင်းချင်းကြားမှာထားရှိတဲ့ အတ္တမာန်မာန၊ အစွဲတွေကြောင့် ဘာမှအကျိုးမရှိဘဲ အငွေ့ပျံသလို လွှင့်လျှမ်းပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါတယ်။ ဒါကြောင့် ထပ်လောင်းတောင်းဆိုလို တာကတော့ ပြည်သူလူထုရဲ့ဘဝတွေကို ငဲ့ကြည့်ဖို့၊ မူဝါဒသဘောတရားတွေကိုအခြေခံတဲ့ တော်လှန်ရေးကို ဆင်နွှဲကြဖို့ တိုက်တွန်းလိုပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၂) ကို ဆက်လက်ဖတ်ရှုရန် >

တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၃) ကို ဆက်လက်ဖတ်ရှုရန် >