ပထုံဌာနီတွင် မြန်မာလုပ်သားတစ်ဦး မျက်လုံးပေါက်ထွက်သေဆုံး

0
799

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်ရှိ အဆောက်အအုံတစ်ခု၏‌ ခေါင်မိုးထပ်တွင် မြန်မာအလုပ်သမားတစ်ဦး အဝတ်အစားမပါဘဲ၊ မျက်လုံးတစ်ဖက်ပေါက်ထွက်၍ သေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လမ်လုကာနယ်မြေ ခူခွတ်ဒေသရှိ ၅ ထပ်အဆောင်၏ ခေါင်မိုးထပ်တွင် မြန်မာအလုပ်သမားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့များ၊ မှုခင်းဆရာဝန်များနှင့် လူမှုကူညီရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ဟု ဆိုသည်။

သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် နိုင်ယောင်းအမည်ရှိသူ မြန်မာအလုပ်သမားဖြစ်ပြီး အဝတ်အစားမပါဘဲ သေဆုံးနေကြောင်း ဖော်ပြထားသည်။

အလောင်းသည် သေဆုံးချိန် ၁၈ နာရီခန့် ရှိနေပြီဖြစ်ကြောင်း မှုခင်းဆရာဝန်များက ပြောကြားခဲ့ပြီး ဘယ်ဘက်မျက်လုံးတစ်ဖက် အပြင်သို့ ထွက်နေသဖြင့် မြင်ရသူများကို ထိတ်လန့်မိစေကြောင်း သတင်းများကဆိုသည်။

အလောင်းတွင် အခြားထိခိုက်ဒဏ်ရာများ၊ ပြင်ပ တိုက်ခိုက်ခံရမှုများလည်း မတွေ့ရကြောင်းနှင့် သေဆုံးသူထံတွင်လည်း အထောက်အထားစာရွက်များကို မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

သေဆုံးသူသည် ယခင်က ဈေးတွင် လုပ်ကိုင်နေသော်လည်း အရက်အလွန်အကျွံသောက်သဖြင့် အလုပ်ရှင်က အလုပ်ဖြုတ်ထားကြောင်း အနီးရှိ သူငယ်ချင်းဖြစ်သူ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

သေဆုံးသူသည် အဆိုပါအဆောင်၏ သုံးထပ်မြောက်တွင် နေထိုင်သူဖြစ်ပြီး ယခင်က သူငယ်ချင်းများနှင့်အတူ နေထိုင်သော်လည်း ပြောင်းသွားကြသဖြင့် တစ်ယောက်တည်းနေထိုင်နေသူဖြစ်ကာ တစ်နေ့လုံး အရက်သောက်နေသည်ကို သတိထားမိကြောင်း အဆောင်ပိုင်ရှင်ပြောကြားချက်ကို ဖော်ပြထားသည်။

သေဆုံးမှုအကြောင်းအရင်းကို ထပ်မံစစ်ဆေးရန်အတွက် အလောင်းကို ဘူမိဘောအဒူယာဒေ့ဆေးရုံ၏ မှုခင်းဆေးသိပ္ပံဌာနသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဆွေမျိုးများသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: CH 7 News HD, Siamrath, Matichon Online, The Nation