ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်သိမ်းပိုက်၊ တရုတ်-မြန်မာကုန်သွယ်ရေးပြတ်တောက်

0
852
ပုံစာ - နမ့်တိမ်တံတား မိုင်းခွဲခံရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ် သုံးဖွဲ့ပေါင်းကာ စစ်ဆင်ရေးပြုလုပ်နေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိသည့် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

၁၀၂၇ အမည်ရ စစ်ဆင်ရေးဖြင့် ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AA တို့ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၂၇ရက် နံနက် ၄ နာရီတွင် စတင်ခဲ့ပြီး ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံစခန်းများကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့နံနက်ပိုင်းတွင်ပင် တရုတ်-မြန်မာကုန်သွယ်လမ်းဖြစ်သည့် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမများကို အရေးပေါ်ပိတ်လိုက်ကြောင်း MNDAA က ကြေညာသည်။

လားရှိုးဘက်မှ စစ်ကူလာနေသည့် စစ်ကောင်စီတပ် မရောက်လာနိုင်အောင် ပိတ်လိုက်ခြင်းဖြစ်ပြီး ပိတ်ထားသည့် ကာလတွင် ဖြတ်သန်းသွားလာသည့်ယာဉ်များကိုလည်း စစ်ကောင်စီ သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ ပစ်ခတ်တိုက်မည်ဟုလည်း သတိပေးထားသည်။

ပုံစာ – လားရှိုး မြို့အထွက်က တိုးဂိတ်။

ကိုးကန့်ဒေသ ချင်းရွှေဟော်နှင့် ‘ဝ’ ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားသည့် နမ့်တိမ်တံတားကိုလည်း စစ်ကောင်စီတပ် စစ်ကူမလာနိုင်စေရန် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်းလည်း စုံစမ်းသိရသည်။

ချင်းရွှေဟော်မြို့နယ်က ပြည်သူများမှာ ‘ဝ’ ပြည်နယ်နှင့် တရုတ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

လားရှိုးမြို့နယ်တွင်လည်း မြို့အထွက်က ဟိုပိတ်ရွာတွင် ရှိသည့် လမ်းအသုံးပြုခကောက်ခံသည့်ဂိတ် ပစ်ခတ် တိုက်ခိုက်ခဲ့ရသလို ရင်ကျားကျိုင်ရွာအနီးက ပြည်သူ့စစ်စခန်းလည်း တိုက်ခိုက်စီနင်းခံခဲ့ရသည်။

နမ့်ခမ်းမြို့နယ်တွင်လည်း ၁၃မိုင် စခန်းနှင့် မိုက်ခရိုဝိတ် စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA က သိမ်းပိုက်လိုက်ကြောင်း သတင်းအချို့တွင် ဖော်ပြသည်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လားရှိုးလေဆိပ်ပိတ်လိုက်ပြီး ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ကြောင်း ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပုံစာ – တိမ်းရှောင်နေကြသည့် ဒေသခံများ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်နေချိန် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်လည်း စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ စရဖ ရုံး၊ သတင်းရဲတပ်ဖွဲ့ရုံးတို့ကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်နှင့် ပူးပေါင်းတပ်များက ယနေ့ ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။