ဓားကိုင်ဆဲဆိုနေသော မြန်မာလုပ်သားကို ထိုင်းရဲပစ်ခတ်ဖမ်းဆီးသဖြင့် သေဆုံး

0
891

ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်ရှိ အလုပ်သမားတန်းလျားတွင် ဓားနှစ်လက်ကိုင်ကာ အော်ဟစ်ဆဲဆိုနေသာ မြန်မာ အလုပ်သမားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ မြန်မာအလုပ်သမား သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကူဘူရီဒေသရှိ အလုပ်သမားများနေထိုင်သော အခန်းတွဲများရှေ့တွင် အောက်တိုဘာလ ၁၈ရက် ည ၁၂နာရီခွဲ (ယနေ့ နံနက်) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် အသက် ၃၀ နှစ်အရွယ် ကိုအောင်ကိုဆိုသူဖြစ်ပြီး ဓားနှစ်လက်ကို ကိုင်ဆောင်ကာ တန်းလျား ရှေ့တွင် အော်ဟစ်ဆဲဆိုနေသဖြင့် အနီးရှိပြည်သူတစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး လက်နက်ချရန် နားချရာ လက်နက်မချဘဲ ဓားကိုင်ကာ ရဲတပ်ဖွဲ့များထံသို့ ပြေးဝင်လာခဲ့သဖြင့် လျှပ်စစ်သေနတ်ဖြင့် ကနဦးပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ သတင်းများတွင် ဖော်ပြထားသည်။

ပစ်ခတ်ခံရပြီးနောက် လဲကျသွားသော ကိုအောင်ကိုကို ရဲတပ်ဖွဲ့များက ဖမ်းဆီးရန် ကြိုးစားချိန်တွင် ပြန်ထလာကာ ဓားဖြင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကြောင်း ရေးသားထားသည်။

ယင်းနောက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်ဒဏ်ရာရသွားပြီး ကနဦးကုသပေးကာ အရေးပေါ်ကား ခေါ်ခဲ့သော်လည်း သေဆုံးသွားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ လက်မောင်းတွင် ဓားပြတ်ရှဒဏ်ရာ အနည်းငယ်ရကြောင်းလည်း ဖော်ပြသည်။

ကိုအောင်ကို အား ယခင်က ထိန်းနိုင်သော်လည်း ယခုတစ်ကြိမ်တွင် မထိန်းနိုင်သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု သူငယ်ချင်းဖြစ်သူက ပြောကြောင်း သတင်းများတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် လက်နက်မချဘဲ ထိုင်းနှင့် မြန်မာစကားကို ညှပ်ပြောကာ အော်ဟစ် ဆဲဆိုနေခဲ့ကြောင်း ၎င်းက ပြောဆိုထားသည်။

မြန်မာအလုပ်သမားက မည်သည့်အကြောင်းအရင်းကြောင့် ဓားကိုင်ဆဲဆိုနေသည်ကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။

ကိုအောင်ကို၏ အလောင်းကို ဆေးရုံးသို့ သယ်ဆောင်သွားကာ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်သေအထောက်အထား များ စုစည်းပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Khaosod Online, CH 7 News, One 31