ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ဖမ်းဆီးခံရပြီး ၁၇ရက်ကြာအထိ သတင်းမရ

0
934
ပုံစာ - ဦးကြူဝင်းသိန်း

ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်း ရေးမြို့နယ်အပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ကားနှင့်အတူ ဖမ်းဆီးခံရပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ၎င်းယာဉ်မောင်း၏ မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

ပျောက်ဆုံးနေသူမှာ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာဇာတိ ဦးကြူဝင်းသိန်းဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂ ရက် တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် ရေးမြို့နယ်အထွက် ခမရ ၅၆၈ တပ်ရင်းအလွန်တွင် လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းဆီးခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးပြောသည်။

အဆိုပါအဖမ်းခံရသည့် ယာဉ်မောင်း၏ Probox ကားတွင် လိုက်ပါလာသည့်ခရီးသည် သုံးဦး၏ ပြန်လည် ပြောပြချက်အရ အဖမ်းခံရသည်ကို သိရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၂ ရက် နံနက် ၉နာရီတွင် Probox ကားအား လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက တား၍ ယာဉ်မောင်းအပါအဝင် ကားပေါ်လိုပါလာသူလေးဦးကို ခေါ်ချပြီးနောက် နံနက် ၁၁ နာရီတွင် ခရီးသည်သုံးဦးကို အခြားကားဖြင့် ရန်ကုန်သို့ ထည့်ပေးလိုက်ပြီး ယာဉ်မောင်းအမျိုးသားကို ၎င်း၏ကားနှင့်အတူ ဆက်လက် ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခဲ့သည့် လက်နက်ကိုင်အဖွဲ့တွင် အရပ်ဝတ်ဖြင့်လက်နက်ကိုင်ထားသူအချို့နှင့် DKBA ဘက်တံဆိပ်ပါ စစ်ယူနီဖောင်း ဝတ်ဆင်ထားသူများ ပါဝင်ကြောင်း ကာယကံရှင်မိသားစုအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက လွတ်မြောက်လာသည့် ခရီးသည်သုံးဦး၏ ပြန်လည်ပြောဆိုချက်ကို ကိုးကားပြီး ဆိုသည်။

အောက်တိုဘာလ ၃ ရက်တွင် မိသားစုဝင်တို့က ရေးမြို့အထွက်ရှိ ဦးကြူဝင်သိန်း ဖမ်းဆီးခံရသည့် နေရာအနီးရှိ လက်နက်ကိုင်အဖွဲ့စစ်ဆေးနေသည့်နေရာအား သွားရောက်မေးမြန်းခဲ့သော်လည်း ဖမ်းဆီးထားခြင်း မရှိကြောင်း ၎င်းလက်နက်ကိုင်အဖွဲ့က အကြောင်းပြန်ခဲ့သည်ဟု မိသားစုထံက သိရသည်။

“မိသားစုကတော့ ဖမ်းထားရင်လည်း ဖမ်းထားကြောင်း၊ ဘာကြောင့်ဖမ်းထားလဲပေါ့။ အဲဒီလိုရှင်းရှင်းလင်းလင်း သိချင် နေတယ်။ မိသားစုကလည်း တခြားရပ်ရွာကနေ ဒီမှာလာရွှေ့ပြောင်းပြီးနေရတော့ မလည်မဝယ်ဖြစ်နေတယ်။ တအားလည်း စိတ်ပူနေကြတယ်။ အဆက်အသွယ်ပြတ်နေတာက ၁၇ ရက်ရှိပြီ။ ဦးလေးဆီမှာ ဖုန်းက၂လုံးပါတယ်။
GPS ကြည့်ဖို့ကတစ်လုံး၊ ဖုန်းဆက်သွယ်ဖို့က တစ်လုံး။ Facebook အကောင့်တွေတောင် မရှိပါဘူး။ အခုက ၂လုံး စလုံး အဆက်သွယ်မရဘူး” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဦးကြူဝင်သိန်းသည် လောင်းလုံးမြို့နယ်မှ ရွှေ့ပြောင်းလာပြီး ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်တွင် နေထိုင်နေသည်မှာ ၅လ ဝန်းကျင်ရှိပြီဖြစ်ပြီး Probox ကားဖြင့် အငှားယာဉ်ပြေးဆွဲနေသူဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

ရန်ကုန်-ထားဝယ် လမ်းပိုင်းတွင် ကားများပစ်ခတ်ခံရမှုနှင့် ဓားပြတိုက်ခံရမှုများကြားရလေ့ရှိသော်လည်း ယခုကဲ့သို့ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသည့်ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ကားသမားအသိုင်းအဝိုင်းက ပြောသည်။