တောင်ပိုင်းကို ရိုက်ခတ်လာတော့မယ့် အယ်လ်နီညို

0
1673

စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာပြည်သူများမှာ ပဋိပက္ခများ၊ တိုက်ပွဲများနှင့် ကုန်ဈေးနူန်းကြီးမြင့်မှု အစရှိသော အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။

အခြားတစ်ဖက်တွင်လည်း မိုးရွာသွန်းမှု များပြားသည့်အတွက် ရေကြီးရေလျှံမှု၊ လယ်များရေမြုပ်မှု အစရှိသော သဘာဝဘေးဒဏ်များ ကြုံတွေ့နေရသည်။

သို့သော် မပြီးဆုံးသေး မြန်မာပြည်သူများအတွက် ဒုက္ခပေါ် ဒုက္ခထပ်ဆင့်လာမည့် ဖြစ်စဉ်တစ်ခုရှိနေသေးသည်။

ယင်းမှာ အလွန်ပူပြင်းခြောက်သွေ့ပြီး အဖျက်မိုးများ ရွာသွန်းနိုင်သည့် အယ်လ်နီညို ရာသီဥတုကပ်ဘေး ဖြစ်သည်။

အစွန်းရောက်ရာသီဥတုဖြစ်သည့် အယ်လ်နီညိုကြောင့် အပူချိန်များမြင့်တက်ခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါထူပြောခြင်း၊ အခါလွန်မိုး၊ အဖျက်မိုးရွာသွန်းခြင်း၊ မီးလောင်မှုများခြင်း စသော မူမမှန်သည့် ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့ရဖွယ်ရှိနေသည်။

အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံအနေဖြင့် ပုံမှန်အပူချိန်ထက် များစွာပိုပူမည်ဖြစ်ရာ အပူဒဏ်ခံရဦးမည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။

မကြာခင်ရောက်ရှိတော့မည့် ၂၀၂၃ ဒီဇင်ဘာလမှာ အယ်လ်နီညို အားအကောင်းဆုံးအချိန်ဖြစ်ပြီး နောက်နှစ်(၂၀၂၄ ခုနှစ်) စက်တင်ဘာလအထိ ကြာမြင့်မည်ဖြစ်ကြောင်း ပညာရှင်များကဆိုသည်။

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းမှာ အီကွေတာနှင့်ပိုနီးခြင်းကြောင့် မြန်မာနိုင်ငံ၏ အခြားဒေသများထက် အပူချိန်ပိုများမည်ဟု ခန့်မှန်းထားကြသည်။

ယင်းအပြင် တနင်္သာရီတိုင်းမှာ မိုးများရေလျှံ၊ မိုးနည်းရေရှား ဒေသတစ်ခုဖြစ်သည့်အတွက် လာမည့်ပွင့်လင်းရာသီတွင် သောက်သုံးရေ အခက်အခဲတွေ့သည်ဟုလည်း ခန့်မှန်းထားသည်။

အပူဒဏ်၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဒေသထွက်သီးနှံများ မအောင်မြင်ခြင်း၊ ပျက်စီးခြင်းများလည်း ရှိနိုင်ပေသည်။

ယင်းအခြေအနေများကြောင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် တနင်္သာရီတိုင်းအပေါ ဆိုးကျိုးရိုက်ခိုက်နိုင်မှု အခြေအနေတို့ကို သိရှိနိုင်စေရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ကျွမ်းကျင်သူများကို မေးမြန်းဖော်ပြအပ်ပါသည်။

“တနင်္သာရီတိုင်းက မြန်မာပြည်တစ်ခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အီကွေတာနဲ့ပိုနီးတဲ့အတွက် ၂၀၂၄ ထဲမှာ အပူချိန်ပိုများနိုင်ပါတယ်”

ဦးဝင်းနိုင် မိုးလေဝသပညာရှင်

DW ။ အယ်လ်နီညိုရာသီဥတုက ဘယ်လောက်ပြင်းထန်နိုင်လဲ။

ဖြေ ။ အယ်လ်နီညိုဖြစ်စဉ်တစ်ခုဟာ ဒီဇင်ဘာလမှာ အားအကောင်းဆုံးလို့ မိုးလေဝသပညာရှင်ကြီးများထံက မှတ်သားသင်ယူခဲ့ရပါတယ်။ ဒီဇင်ဘာလအထိတော့ တကယ့်အယ်လ်နီညို အခြေအနေကိုကြည့်ပြီး အားကောင်း၊ အားနည်းကြေညာပေးပါလိမ့်မယ်။ ကြိုတင်ခန့်မှန်းချက်အရတော့ အားကောင်းတဲ့ အယ်လ်နီညိုဖြစ်လာမယ်လို့ မိုးဇလအပါအဝင် ကမ္ဘာ့မိုးလေဝသနဲ့ ရာသီဥတုခန့်မှန်းရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အခုလက်ရှိအခြေအနေအထိ ရထားတဲ့အချက်အလက်တွေအရ ကျွန်တော်ဆိုရင်လည်း အားကောင်းတဲ့ အယ်လ်နီညိုဖြစ်လာမယ်လို့ ခန့်မှန်းသုံးသပ်ပါတယ်။

DW ။ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။

ဖြေ ။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အီကွေတာနားက အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ တီမော၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တောင်ပိုင်းဒေသတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံအပါအဝင် မြောက်ဘက်ပိုကျတဲ့နိုင်ငံတွေက အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှု အားလျော့နည်းပါတယ်။

DW ။ ၂၀၁၅ ခုနှစ်ကလည်း အယ်လ်နီညိုဖြစ်ဖူးတယ်ဆိုတော့ အခုအယ်လ်နီညိုနဲ့ ၂၀၁၅ အယ်နီညိုနဲ ဘယ်လိုကွာခြားမှုရှိနိုင်မလဲ။

ဖြေ ။ ၂၀၁၅ အယ်လ်နီညိုကတော့ အပြင်းထန်ဆုံးလို့ ကမ္ဘာက သတ်မှတ်ထားတာပါ။ ၂၀၂၃-၂၄ အယ်လ်နီညိုကတော့ အားကောင်းမယ်လို့ Forecast Model တော်တော်များများက ခန့်မှန်းထားပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလအထိ အားကောင်းမယ့်ခန့်မှန်းချက်က ၉၅ ရာခိုင်နူန်းကနေ ၁၀၀ ရာခိုင်နူန်းအထိ ရှိနေတုန်းပါပဲ။ တနင်္သာရီတိုင်းက မြန်မာပြည်တစ်ခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အီကွေတာနဲ့ပိုနီးတဲ့အတွက် ၂၀၂၄ ထဲမှာ အပူချိန်ပိုများနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနေနဲ့ဆိုရင်လည်း နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် ၁ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ပိုပူမယ်လို့တော့ ခန့်မှန်းထားတယ်။

DW ။ အယ်လ်နီညိုဖြစ်စဉ်ဘယ်လောက်ကြာမယ်လို့ ခန့်မှန်းထားပါသလဲ။

ဖြေ ။ အယ်လ်နီညိုဖြစ်တဲ့အခါ ဖြစ်နေကျအတိုင်းဆိုရင် ၁၈ လကနေ ၁၉ လအထိကြာပါတယ်။ အားအကောင်းဆုံးက ဒီဇင်ဘာလ။ ဒီဇင်ဘာမတိုင်မီ ၉ လ။ ဒီဇင်ဘာနောက်ပိုင်း ၉ လို့ အကြမ်းတွက်နိုင်ပါတယ်။

DW ။ အယ်လ်နီညိုရိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေလျော့နည်းအောင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။

ဖြေ ။ အဲ့ဒီတော့ အယ်လ်နီညိုဖြစ်လာရင် ပူပြင်းပြီးခြောက်သွေ့တဲ့ လေထုအခြေအနေတွေ ဖြစ်လာတာကြောင့် အစွန်းရောက်ရာသီဥတု ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တယ်။ မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးမြေများမှာ လိုအပ်တဲ့ စိုထိုင်းဆကျဆင်းပြီး သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ခြေ နည်းပါးလာခြင်းပါ ဖြစ်လာနိုင်တယ်။ ပူပြင်းပြီးမြေပြင်ခြောက်သွေ့မှု လွန်ကဲတာကြောင့် တောမီးလောင်ခြင်းတွေလည်း များလာနိုင်တယ်။ ဒီလိုအခြေအနေတွေက အခုလာမယ့် ဆောင်းရာသီကစပြီးဖြစ်လာနိုင်ကြောင်း NOAA က ခန့်မှန်းထားတယ်။ ကျန်းမာရေးရှုဒေါင့်ကကြည့်ရင်တော့ အဓိကအချက်ကြီး ၃ ခုအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။ အဲ့ဒါတွေက ရောဂါများပြန့်ပွားကူးစက်မှု ပြင်းထန်တတ်တာ၊ အစာရေစာငတ်မွတ်ခေါင်းပါးတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများပိုမိုများပြားလာခြင်းတွေ ဖြစ်နိုင်ပါတယ်။

အယ်လ်နီညိုအကြိုကာလအတွင်း အရင်ဆုံးကြုံတွေ့ကြရတော့မယ့် မိုးလွန်ကာလအဖျက်မိုးတွေကြောင့် မိုးရွာတာရပ်သွားပြီး ရိတ်သိမ်းခြွေလှေ့လုပ်ငန်းတွေလုပ်ကြရတဲ့ စပါးရိတ်သိမ်းချိန်မှာ ရိတ်သိမ်းပြီးကောက်လှိုင်းတွေ ရေစိုကုန်တာ၊ ရေနစ်မြုပ် ပျက်စီးတာတွေမှလွတ်မြောက်အောင် မြေအမြင့်ပိုင်းနေရာတွေမှာ ကောက်လှိုင်းစည်းတွေ ရွှေ့ပြောင်းသိမ်းဆည်းဖို့ ပြင်ဆင်တာ၊ မရွှေ့ပြောင်းနိုင်တဲ့လယ်ကွင်းထဲက ကောက်လှိုင်းစည်းတွေကို ဖုံးအုပ်ကာကွယ်ပေးနိုင်မဲ့ မိုးကာစတွေ ကြိုတင်စီစဉ်တာ စသည်ဖြင့် မိုးလွန်ကာလ အဖျက်မိုးအန္တရာယ်ကနေ ကာကွယ်နိုင်အောင် စတင်ပြင်ဆင်ကြရမဲ့အချိန် ရောက်လာပြီ ဖြစ်ပါတယ်။

(ဦးဝင်းနိုင်နှင့် Dawei Watch က အင်တာဗျူးထားပြီး ဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ၎င်း၏ Facebook ပေါ် ရေးသားမျှဝေထားသည်များကို ပေါင်းစပ်ဖော်ပြခြင်းဖြစ်သည်။)

“ရေရှားမယ်။ ရုတ်တရက်မိုးတွေ ပြင်းထန်စွာရွာသွန်းမယ်။ အပူချိန်တွေမြင့်တက်လာမယ်။ လေဆင်နှာမောင်းတွေတိုက်မယ်”

မွန်ပြည်နယ် မိုးဇလပြည်နယ်ဦးစီးမှူး

DW ။ မွန်၊ တနင်္သာရီဘက်မှာ အယ်လ်နီညိုရဲ့ ရိုက်ခတ်မှု ဘာတွေရှိနေပြီလဲ။

ဖြေ ။ အယ်လ်နီညိုဖြစ်ရင် ဆောင်းရာသီဆိုတာမရှိတော့ဘူး။ နွေနဲ့မိုးနှစ်ခုပဲဖြစ်သွားတယ်။ မိုးရာသီလည်းမအေးဘူး။ ပူနေမယ်။ အယ်လ်နီညိုဆိုတာက ပူတဲ့ရာသီဥတုဖြစ်တာမို့ မိုးလည်းမအေးဘူး၊ မိုးတွေထပ်ထပ်ရွာမယ်။ မိုးကုန်သွားရင် ပြန်ပူတယ်။ အခုမွန်တို့ ၊ ကရင်တို့၊ တနင်္သာရီတို့ မြန်မာပြည်အားလုံးပဲ။ မိုးတွေသာရွာနေတာ ပူတာကပူနေတာပဲ။ အဲဒါ အယ်လ်နီညိုရဲ့ ရိုက်ခတ်မှုကို စတင်ခံစားနေရတာပေါ့။

နောက်တစ်ခုက မုတ်သုန်မမှန်တော့ဘူး။ အခုမြန်မာနိုင်ငံအထက်ပိုင်းမှာ မုတ်သုန်‌ဆုတ်သွားတာ အောက်ပိုင်းကိုရောက်မလာဘူး။ အလယ်ပိုင်းမှာပဲတန့်နေတာ။

DW ။ မိုးမှာတောင် ပူနေတာဆိုတော့ နွေရာသီဆိုရင် ဘယ်လောက်အထိဖြစ်လာနိုင်လဲ။

ဖြေ ။ နွေဆိုလို့ရှိရင်တော့ အယ်လ်နီညိုဖြစ်စဉ်အတိုင်းပဲပေါ့။ ရေရှားမယ်။ ရုတ်တရက်မိုးတွေ ပြင်းထန်စွာရွာသွန်းမယ်။ အပူချိန်တွေမြင့်တက်လာမယ်။ လေဆင်နှာမောင်းတွေတိုက်မယ်။ မုန်းတိုင်းလည်းဖြစ်နိုင်တယ်။ ပြီးရင်ပြန်ပူမယ်။ ရာသီကတော့ အဲလိုပဲလည်နေမှာပေါ့။

DW ။ အယ်လ်နီညိုကြောင့် ဘာတွေဖြစ်နိုင်လဲ။

ဖြေ ။ မိုးတွေကမမှန်ဘူး။ အပူလွန်ကဲတာတွေဖြစ်တာကြောင့် အရေးပြားတွေလောင်မယ်။ ရောဂါပိုးမွှားတွေပိုပြီး များလာတဲ့အတွက်ကြောင့် ရောဂါဘရတွေပိုပြီးထူပြောလာမယ်။ လူတွေလည်း မျက်စိနာတာတို့၊ လည်ချောင်းနာတိုတို့ ရောဂါပေါင်းစုံပေါ့။ အဲဒါတွေဖြစ်လာမှာ။ ဒါက အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမယ့်အရာတွေပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“အခုချိန်မှ ခုသာခံသာရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုလို့ရှိရင် မခုသာ မခံသာနိုင်တော့ဘူး”

ထားဝယ်ဇာတိ ရေပညာရှင် ဦးကျော်ဦး

DW ။ အယ်နီညိုရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်လဲခင်ဗျား။

ဖြေ ။ ကျွန်တော်ရေနဲ့ပတ်သက်ပြီးပြောရလို့ရှိရင် ထုံးစံအတိုင်းပဲ မြန်မာတစ်ပြည်လုံးနီးနီးသည် မိုးရေအပေါ်မှာပဲ အမှီပြုနေရတော့ မိုးနည်းရင် ရေရှားတာပေါ့ဗျား။ ဒါကတော့ ထုံးစံပဲလေ။ အထူးသဖြင့် အညာဒေသတို့ နဂိုက မိုးနည်းနေပြီးသားဒေသတို့မှာ အဲဒီမှာရေ ပိုပြီးတော့အခက်အခဲဖြစ်မယ်ပေါ့။

မြေအောက်ရေသဘောကလည်း နဂိုကတည်းက အသုံးများပြီးတော့ အထုတ်များပြီးတော့ အဝင်ကနည်းနေတဲ့နေရာမှာ အဲလိုအယ်နီညိုရောက်လို့ ပူလို့ရေပိုသုံးလာမယ်။ မိုးလျော့နည်းပြီး ရေစိမ့်ဝင်တာနည်းမယ်ဆိုရင် မြေအောက်ရေလည်းပဲ ကျလာမှာပေါ့။အဲလိုပဲ ယေဘုယျ ကျွန်တော်နားလည်ထားပါတယ်။

DW ။ ဆိုတာ့လေ အဲဒီမှာမေးချင်တာကလေ ပင်လယ်နဲ့ အီကွေတာနဲ့ နီးကပ်တဲ့ ပထဝီအနေအထားအရ တနင်္သာရီတိုင်းအနေနဲ့ဆိုရင် ရေရှားပါးမှုက အခြားဒေသနဲ့မတူဘဲ ပိုပြီးကြုံတွေ့ရတာမျိုးရှိနိုင်လားခင်ဗျား။

ဖြေ ။ တနင်္သာရီတိုင်းလို့တော့ သတ်သတ်မှတ်မှတ်တော့ ကျွန်တော်တော့ မတွေ့မိဘူး။ အယ်နီညိုအကျိုးသက်ရောက်မှု(Effect) ကတော့ မြန်မာပြည်တစ်ပြည်လုံးနီးပါး ခံစားရမှာပဲလေ။ တနင်္သာရီက ပိုခံရမယ်ဆိုတာ ကျွန်တော်တော့ ယေဘုယျမတွေ့ဘူး။ ဒေသနဲ့ နဂိုက ရေသိုလှောင်မှုနည်းလာလို့ များလာလို့ အဲဒီမှာကွာခြားပြီးတော့ သက်ရောက်မှု ခံရမှာ အနည်းအများကတော့ ရှိနိင်တာပေါ့။ ခုနက ကျွန်တော်ပြောသလို အညာဒေသမှာ ပိုပြီးတော့ ခံရမယ်။ တနင်္သာရီအနေနဲ့ကတော့ ခံတော့ခံရမယ် သိပ်ပြီးတော့ အညာဒေသလောက်တော့ မဆိုးဝါးဘူးလို့ထင်တယ်။ ပြီးခဲ့တဲ့ ၂နှစ်လောက်တုန်းက ထားဝယ်မှာလည်း မြေအောက်ရေအဆင့် (Level) တော်တော်ကျသွားတယ်လို့ ကြားရတယ်။အခုအယ်နီညိုမှာကလည်း မိုးသာစောစောမကျ(မရွာ)ခဲ့လို့ရှိရင် ရေအခက်အခဲတွေ့နိုင်တာပေါ့။ ထားဝယ်သည် မြန်မာပြည်မှာ မိုးအများဆုံးဒေသဖြစ်တယ်။ ဒါကြောင့်မို့ မိုးရေရတဲ့နေရာမှာ ကံအကောင်းဆုံးဒေသလို့ ကျွန်တော်အမြဲပြောတယ်။

ထားဝယ်အနေနဲ့ ပြောရလို့ရှိရင်(မိုးမရွာတဲ့အချိန်) နိုဝင်ဘာကနေစပြီးတော့ ဧပြီ ၊မေ ဆိုလို့ရှိရင် ၆ လလောက် ကြာတယ်ပေါ့ဗျား။ ၆ လထဲမှာ ရေရနိုင်အောင်ဆိုလို့ရှိရင် ရေအဆက်မပြတ်အောင်ဆိုလို့ရှိရင် ရေကိုများများလှောင်ရမယ်။ ထားဝယ်မှာကျတော့ တစ်မြို့လုံးကို လွှမ်းခြုံပြီးပေးနိုင်တဲ့ ရေလှောင်ကန်ဆိုတာ မရှိဘူး။ ထားဝယ်မှာ ရေလှောင်ကန် မရှိဘူးလို့ထင်ရပေမယ့် တစ်ကယ်ကတော့ တော်တော်ကြီးမားတဲ့ ရေလှောင်ကန်ကြီးက ထားဝယ်မှာရှိနေတယ်လို့ ကျွန်တော်ပြောချင်တယ်။အဲဒါက ဘာလဲဆိုတော့ မြေအောက်ရေလှောင်ကန်ပဲ။

မြေအောက်ရေလှောင်ကန်ဆိုတဲ့နေရာမှာ ထားဝယ်ရဲ့မြေအောက်ရေကြော သဘောတရားကို ကျွန်တော်သိသလောက် အခုထိစနစ်တကျလေ့လာပြီးတော့ လုပ်ထားတာတော့ မရှိဘူး။ သို့သော် အကြမ်းပြောနိုင်တာက ။ အကြမ်းပြောတယ်ဆိုတာက ကျွန်တော်ရမ်းပြောတာမဟုတ်ဘူး။ အထောက်အထားနဲ့ ကျွန်တော်ပြောတာ။ ထားဝယ်မှာ အဝီစိတွင်းတူးလို့ရှိရင် ပေ ၂၀၊ ၃၀၊ ပေ ၄၀၊ ပေ ၅၀ အဲလောက်တူးရင် တစ်မြို့လုံးရေက ရတယ်ဆိုတာ သိရတယ်။နွေမှာရေခမ်းသွားပေမယ့် မိုးတစ်ကြိမ် နှစ်ကြိမ်လောက်ရွာလိုက်လို့ရှိရင် ရေက ချက်ချင်းလိုလို ရက်ပိုင်းအတွင်းမှာ ပြန်ပြည့်လာတယ်လို့ ကြားတယ်။ တွင်းအတော်များများပေါ့။ တွင်းတိုင်းကတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။

အဲဒါကဘာလဲဆိုတော့ ထားဝယ်မှာ ရေသိုလှောင်ဖို့အင်မတန်အားကောင်းတဲ့ ရေအောက်မြေလွှာကြီးက ရှိနေတယ်လို့ ကျွန်တော်ကောက်ချက်ချတယ်။ လူတွေက မမြင်ရလို့မသိတာ။ ဒီရေလှောင်ကန်ကြီးရှိနေပေမယ့် မိုးကလည်းအများဆုံး ရွာပေမယ့် မိုးရေကို မြေအောက်ရေလှောင်ကန်ထဲကို အပြည့်အဝမသွင်းနိုင်လို့သာလျှင် မိုးနည်းနည်းကြာသွားတာနဲ့ မြေအောက်ရေခမ်းတယ်။ ရေ Level ကျသွားတယ်ဆိုတာ ကြားနေရတာပေါ့။ အဲတော့အကောင်းဆုံးက ဘာလဲဆိုတော့ ထားဝယ်ရဲ့ မြေအောက်ရေကြောကို သက်ဆိုင်ရာ ဘူမိဗေဒပညာရှင်၊ ဘူမိရူပ ပညာရှင် အင်ဂျင်နီယာတွေနဲ့ပေါင်းပြီးတော့ စနစ်တကျတိုင်းတာပြီးတော့ ဖော်ထုတ်သင့်တယ်။ အဲလိုဖော်ထုတ်လို့ရှိရင် ထားဝယ်မြေအောက်ရေကြောသည် ဘယ်လောက်ကြီးသတုန်း။ ဘယ်လောက်နက်သတုန်း။ ပြီးလို့ရှိရင် ဘယ်လောက်အထိ သိုလှောင်နိုင်သတုန်း။ ပြီးလို့ရှိရင် ခုနကပြောသလို မိုးရေတွေ အလဟသမဖြစ်ဘဲနဲ့ မိုးရေတချို့တစ်ဝက်ကို ဒီထက်ပိုပြီးတော့ မြေအောက်ကို စိမ့်ဝင်နိုင်အောင် ဘယ်လိုနေရာမျိုးမှာ ရေလှောင်ကန်တွေဆောက်သင့်သလဲဆိုတာ အဖြေဟာပေါ်လာလိမ့်မယ်။

ဒီလောက်များပြားတဲ့မိုးရေတွေကို တချို့တစ်ဝက်ကိုပဲ ဒီထက်ပိုပြီးတော့ မမြင်ရတဲ့ မြေအောက်ရေကြောထဲမှာ စုနိုင်အောင် လှောင်နိုင်အောင် စီးဝင်နိုင်အောင် စီစဉ်ဖို့သင့်တယ်။ စီးဝင်နိုင်အောင်ဆိုတာက ဘယ်လိုနေရာမျိုးမှာ ရေစုကန်ကြီး ဆောက်ပြီးတော့ အရန်ရေစုကန်တွေကတစ်ဆင့် မြေအောက်ရေကြောထဲကို စိမ့်ဝင်စေမလဲဆိုတာ လုပ်ဖို့လိုတယ်။

နိုဝင်ဘာကနေ ရေပြတ်မယ်။ မိုးရွာရင် ရေကပြည့်တယ်။အဲတော့ ရေဒုက္ခကိုကြီးကြီးကျယ်ကျယ် မခံရသေးဘူး။ လနဲ့ချီပြီးတော့ မခံရသေးဘူး။ ဒါကြောင့်မို့လို့ ထားဝယ်ကလူတွေက ပေါ့နေကြတယ်။ အဲလိုပေါ့နေကြလို့ရှိရင် တစ်ချိန်မှာ ဒီအယ်နီညိုကာလက ၁ နှစ် မက  ၂ နှစ်မက ကြာသွားပြီးတော့ မိုးမရွာတဲ့နှစ်တွေရှည်လာလို့ရှိရင် ထားဝယ် ကလူတွေကလည်း အခက်အခဲဒီထက်ပိုတွေ့မယ်။ ပိုတွေ့တယ်ဆိုတာက မိုးလည်းကောင်းကောင်း ရွာရဲ့သားနဲ့ မြေအောက်ရေလှောင်ကန် အခြေအနေလည်း ရှိရဲ့သားနဲ့ မလုပ်လို့(ရေဒုက္ခ)တွေ့မယ်ဆိုတာကို ကြိုတင်ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။

DW ။ ဒီလိုမျိုးအခင်းအကျင်းမှာ ရေရှားပါးမှုတွေကို ခုသာခံသာရှိစေဖို့ ဘာတွေပြင်ထားဖို့လဲခင်ဗျား။ အခုချိန်မှစပြင်တယ်ဆိုရင်ရော အချိန်မီနိုင်ပါ့အုန်းမလား။

ဖြေ ။ အခုချိန်မှာစလို့ကတော့ မမီနိုင်ဘူး။ ဒီမိုးရေကို တတ်နိုင်သမျှသိုလှောင်ထားရမယ်လို့ ကျွန်တော်ခဏ ခဏ ဖေ့ဘုတ်ထဲမှာလည်းရေးတယ်။ ဆောင်းပါးလည်း ရေးတယ်။ မေးတဲ့သူတွေကိုလည်း ပြောတယ်။ ဒါပေမဲ့ လူတွေက စိတ်ဝင်စားမှု နည်းကြတယ်။ ထားဝယ်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ထားဝယ်ရဲ့ ရေအခြေအနေကို တစ်မြို့လုံးခြုံငုံပြီးတော့ လေ့လာသင့်တယ်ဆိုတာ ပြီးခဲ့တဲ့ NLD အစိုးရတောင် မတက်သေးဘူး။ အဲဒီအချိန်ကစပြီးတော့ ကျွန်တော်ပြောခဲ့တယ်။ ဒါပေမဲ့ လေ့လာဖို့ စိတ်ဝင်စားတဲ့လူကတော်တော့ကို နည်းတယ်။ အခုအချိန်မှလုပ်ရင်တော့ ထားဝယ်အနေနဲ့ပြောလို့ရှိရင် အခုချိန်မှတော့ မမီဘူး။

DW ။ ခုသာခံသာရှိဖို့ဆိုရင် ဘာလုပ်သင့်လဲပေါ့ဆရာ။

ဖြေ။ ထားဝယ်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ မိုးအများဆုံးဒေသဆိုပေမယ့် နိုဝင်ဘာလလောက်ကစပြီးတော့ မိုးလုံးဝမရွာခဲ့ဘူးဆိုလို့ရှိရင် နောက်ပြီးတော့ မေလလောက်အထိ မိုးမရွာခဲ့ဘူးဆိုလို့ရှိရင် ကြားထဲမှာ မြေအောက်ရေကို အဝင်မရှိတော့ဘူးလေ။ အဝင်မရှိတော့ မြေအောက်ရေကို အခုမှဖြည့်မယ်ဆိုရင်လည်း မဖြစ်နိုင်တော့ဘူး။ကျွန်တော် ခဏခဏပြောခဲ့သလို မိုးတွင်းထဲကနေပြီးတော့ သင့်တော်တဲ့နေရာမှာ ရေလှောင်ကန်တွေတူး ပြီးတော့ မြေအောက်ထဲကို ရေဖြည့်ထားမယ်ဆိုလို့ရှိရင် ရွာတဲ့မိုးတွေက အလဟသမြစ်တွေချောင်းတွေထဲကို မစီးတော့ဘဲနဲ့ မြေအောက်မှာ သိုလှောင်ထားနိုင်လိမ့်မယ်။ မြေပေါ်ကန်တွေပဲ လူတွေမြင်ကြတယ်။ မြေအောက်မှာ သိုလှောင်နိုင်တယ်ဆိုတာ လူတွေက မမြင်ရတော့သိပ်မသိဘူး။ ကျွန်တော်နားလည်သလောက်ဆိုလို့ရှိရင် ထားဝယ်လိုမြေလွှာမျိုးတွေသည် မြေအောက်ရေသိုလှောင်ထားဖို့ အင်မတန်ကောင်းတဲ့နေရာလို့ အကြမ်းအားဖြင့် နားလည်ထားတယ်ပေါ့နော်။ အခုချိန်မှ ခုသာခံသာရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုလို့ရှိရင် မခုသာ မခံသာနိုင်တော့ဘူး။ သဘာဝတရားက မိုးခေါင် မိုးမရွာဘဲကြာလို့ရှိရင် လှိမ့်ပိတ်နေအောင် ခံရမှာပဲ။ ခုသာခံသာအောင် မဖြစ်နိုင်တော့ဘူး။

DW ။ အခုအယ်နီညိုကာလမှာ ရေအခက်အခဲက ဘယ်အချိန်ကာလလောက်အထိ ကြုံနိုင်ရလဲပေါ့နော်ဆရာ ခင်ဗျား။

ဖြေ ။ မိုးလေဝသပညာရှင်တွေပြောတာကတော့ဒီဇင်ဘာမှာ (အယ်နီညို) အားအပြင်းဆုံးဖြစ်လိမ့်မယ်တဲ့။ ဒီဇင်ဘာကနေပြီးတော့ နောက် ၉ လလို့တော့ပြောတယ်။ နောက်ထပ် ၉ လဆိုတော့ စက်တင်ဘာလလောက် အထိတော့ အယ်နီညိုရှိနေမယ်ဆိုတဲ့ သဘောပေါ့။

DW ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ခင်ဗျား။

“ရာသီဥတုဆိုတော့ ဘာမှလည်းလုပ်လို့မရဘူး ….. သဘာဝတရားမပျက်အောင် အတတ်နိုင်ဆုံးထိန်းသိမ်းမှပဲရမယ်”

စိုက်ပျိုး‌ရေးကျွမ်းကျင်သူတစ်ဦး

DW ။ အယ်လ်နီညိုရာသီဥတုဖြစ်လို့ရှိရင် စိုက်ပျိုးရေးအတွက် ဘယ်လိုထိခိုက်မှုတွေရှိနိုင်မလဲ။

ဖြေ။ အယ်လ်နီညိုဆိုတာရ ရာသီဥတုအရမ်းပူပြင်းတာလေ။ ပူပြင်းတာဆိုတော့ စိုက်ပျိုးရေးအတွက်က ထိခိုက်မှုရှိမှာပဲ။ ရာသီဥတုပူလို့ရှိရင် မြေကြီးတွေက ခြောက်သွေ့မယ်လေ။ ဒီလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာဆိုရင် သီးနှံအဖျက်ပိုးတွေက ပိုပြီးတော့ပေါက်ဖွားတာလေ။ အဖျက်ပိုးကတော့ရှိနေမယ်။ ပူပြင်းတာကြောင့် ပိုးတွေကပိုပြီးပွားလာတာတွေရှိမယ်ပေါ့။ သာမန်ထက်ကိုလွန်ပြီးတော့ အဖျက်ပိုးတွေ ပေါက်ဖွားပြန့်နှံ့တာတွေရှိတတ်တယ်။

DW ။ စပါးတို့၊ ကွမ်းသီးတို့၊ ရော်ဘာတို့ စသဖြင့်ပေါ့လေ ဒေသထွက်သီးနှံပင်တွေ ဘယ်လိုဖြစ်လာခြေရှိလဲ။

ဖြေ ။ ကွမ်းသီးပင်ကျတော့ မြေကြီးထဲက အစိုဓာတ်လုံလုံလောက်မရရင်၊ ပြီးတော့ နေရောင်ခြည်မှာ တအားပူးပြင်းတာရယ်ဖြစ်လို့ရှိရင် အပင်ကြီးတွေတောင်မှ သေသွားနိုင်တယ်။ ခါတိုင်းအယ်လ်နီညိုမရှိတဲ့ နှစ်တောင်မှ တော်တော်လေးပူပြင်းတာဆိုတော့ အဲဒီအချိန်မှာတောင် ကွမ်းသီးခြံ တော်တော်များများ သေတာတွေတွေ့နေရတော့ အယ်လ်နီညိုရှိတယ်ဆိုရင်တော့ သေနှုန်းကပိုပြီးတော့ များလာနိုင်တယ်ပေါ့လေ။

စပါးလဲအတူတူပဲပေါ့နော်။ စပါးကျတော့ နှစ်ရှည်ပင်မဟုတ်တဲ့အခါကျတော့ တစ်ရာသီပဲဆိုတော့ နဲနဲတော့သက်သာတာပေါ့နော်။ ရော်ဘာကျတော့လည်း သူ့ရဲ့သဘောသဘာဝက မြေအစိုးဓာတ်လည်းရှိရမယ်။ မြေဩဇာတွေဘာ

တွေနဲ့လည်းဆိုင်တယ်ပေါ့နော်။ ရော်ဘာအစေးဆိုတာ အရည်နဲ့ပဲဖွဲ့စည်းထားတာဆိုတော့ အဲအချိန်မှာ မြေကြီးကအပူဓာတ်များတော့ မြေကြီးကနေအစိုဓာတ်မစုပ်နိုင်တဲ့အခါကျတော့ အထွက်နှုန်းတွေ ထိခိုက်နိုင်တာပေါ့။

DW ။ စိုက်ပျိုးရေးသမားတွေအနေနဲ့ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။

ဖြေ ။ ရာသီဥတုဆိုတော့ ဘာမှလည်းလုပ်လို့မရဘူး။ သဘာဝဖြစ်နေတာကိုး။ ရေရှည်အနေနဲ့ သဘာဝတရားမပျက်အောင် အတတ်နိုင်ဆုံးထိန်းသိမ်းမှပဲရမယ်။

ရော်ဘာဆိုရင် အထွက်နှုန်းကိုမထိခိုက်စေချင်ရင်တော့ မြေဩဇာတွေကို ပုံမှန်လုပ်ပေးနေဖို့လိုတယ်။ အဲလိုလုပ်ပေးနေတဲ့ခြံတွေဆိုရင်တော့ အထွက်နူန်းကျတာ သိပ်မသိသာနိုင်ဘူး။ အယ်လ်နီညိုဆိုတာက ပူတဲ့အခါကျတော့ စိုက်ပျိုးရေးသမားတွေကို ပိုပြီးထိခိုက်စေတာပေါ့။

အပင်ငယ်လေးတွေဆိုရင်တော့ အစိုဓာတ်ထိန်းဖို့၊ အပူဒဏ်ကာကွယ်ဖို့ မြက်ပင်အုပ်ပေးတာတို့တော့လုပ်လို့ရတယ်။ လုံးဝဘာမှမလုပ်ဘူးဆိုရင်တော့ ဒီရာသီဥတု‌ ပူပြင်းခြောက်သွေ့တာနဲ့ဆိုရင်တော့ ပိုပြီးတော့ အပျက်အစီးများပေါ့နော်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အယ်လ်နီညို( ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု) တို့၊ လာနီညာ( အယ်လ်နီညိုနဲ့ပြောင်းပြန် မိုးများ၊ စိုစွတ်အေးမြ) ရာသီဥတုတို့က တစ်နေ့နေ့ ဖြစ်လာမှာပဲ။ အဲဒီအတွက် စိုက်ပျိုးရေးသမားတွေအနေနဲ့ ဖြစ်လာနိုင်တဲ့ ရာသီဥတုအခြေအနေတွေကို ကြိုတင်ပြီးတော့ ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာထားကြဖို့လိုတယ်။

DW ။ ကျေးဇူးတင်ပါတယ်။