မြိတ်တွင် ကင်းမွန်ငါးဖမ်းလှေများ လုပ်ငန်းခွင်စဝင်

0
1167

မြိတ်အခြေစိုက် ကင်းမွန်ငါးဖမ်းလှေတို့သည် ယခု အောက်တိုဘာလအစမှစပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်အတွင်း စတင်ဝင်ရောက်နေကြပြီဖြစ်ကြောင်း လှေရှင်များက ပြောသည်။

ယခုနှစ် ငါးမဖမ်းရရာသီအဖြစ် ဧပြီ၊ မေ၊ ဇွန် သုံးလအထိ သတ်မှတ်ခဲ့သည်။

ယင်းနောက် ရေလုပ်ငန်းရှင်များ၏ တင်ပြချက်အရ ဇွန်လတွင် ငါးဖမ်းလှေအားလုံး၏ ၃၀ ရာခိုင်နှုန်းနှင့် ကင်းမွန် ငါးဖမ်းလှေတို့အား မေလ ၁ ရက်နေ့မှစပြီး ဖမ်းဆီးခွင့်ပြုခဲ့သည်။

သို့သော် ကင်းမွန်အရများသည့် ပွင့်လင်းရာသီမှသာ လှေအများစု ပင်လယ်ထဲသို့ ထွက်ကြသည်ဟုဆိုသည်။

“ငါးလပိုင်းက စဖမ်းခွင့်ပြုပေးတယ်။ ဒါပေမဲ့ လှေ‌တော်တော်များက ကမ်းရောက်နေပြီ။ ပြန်မထွက်ကြတော့ဘူး။ ကင်းမွန်ရာသီက အခုလို ပွင့်လင်းရာသီမှ ဖမ်းလို့ရတာပါ” ဟု မြိတ်မြို့ရှိ ကင်းမွန်ငါးဖမ်းလှေရှင်တစ်ဦးက ပြောသည်။

မေလမှစပြီး ဖမ်းဆီးခွင့်ပြုသော်လည်း ယင်းအချိန်က လှေအများစုသည် ကမ်းသို့ပြန်လည်ရောက်ရှိနေသဖြင့် ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာခြင်း မပြုတော့ကြောင်း ၎င်းက ပြောပြသည်။

“တချို့တလေတော့ ထွက်ဖမ်းကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ကင်းမွန်ငါးဖမ်းကာလအား နှစ်စဉ် အောက်တိုဘာလ (သီတင်းကျွတ်ကာလ) မှ သင်္ကြန်ကာလ (ဧပြီလ) အထိ ဖမ်းဆီးလေ့ရှိကြသည်။

ယခု အောက်တိုဘာလ အစမှစပြီး လုပ်ငန်းခွင်အတွင်း တဖြေးဖြေးဝင်ရောက်နေကြပြီဖြစ်ကြောင်း ကင်းမွန်ငါးဖမ်းလှေ လုပ်ကိုင်သူအချို့က ပြောဆိုသည်။

“ပင်လယ်ထဲ ရောက်တဲ့သူတွေ ရောက်ကုန်ပြီ။ လှေကတော့ သီတင်းကျွတ်မီးထွန်းပွဲပြီးမှပဲ လှေထွက်ပါမယ်” ဟု ကျွန်းစုမြို့နယ်အတွင်းရှိ ကင်းမွန်ငါးဖမ်းလှေရှင်တစ်ဦးက ပြောသည်။

ယမန်နှစ်က ဒီဇယ်လောင်စာဆီဈေးနှုန်းသည် အမြင့်ဆုံး တစ်ပီပါလျှင် ကျပ်ရှစ်သိန်းကျော် ကိုးသိန်းအထိ မြင့်တက်ခဲ့သဖြင့် ကင်းမွန်ငါးဖမ်းလုပ်အချို့ ဆုံးရှုံးမှုရှိခဲ့ကြောင်း အထက်ပါ ကင်းမွန်ငါးဖမ်းလှေရှင်က ပြောဆိုသည်။

“ဒီနှစ်ရာသီစတာနဲ့ လောင်စာဆီက မနှစ်ထက်စာရင် နည်းနည်းကျနေတယ်။ ပြီးတော့ ကင်းမွန်းဈေးကလည်း နှစ်သိန်းကျော်နေတာဆိုတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုအောက်တိုဘာလအတွင်း ဒီဇယ်လောက်စာဆီ တစ်ပီပါလျှင် ခြောက်သိန်းငါးသောင်းကျော်နှင့် ကင်းမွန် ကီလိုနှစ်ဆယ်ပါ နံပါတ် ၁၊ ၂၊ ၃ ဆိုဒ် တစ်ဗန်းလျှင် နှစ်သိန်းနှစ်သောင်းရှိနေကြောင်း ယင်းဈေးကွက်တို့မှ သိရသည်။

မြိတ်ခရိုင်တွင် ကင်းမွန်လှေ (တဝ လိုင်စင်) အစီးရေ သုံးရာနှင့် ကင်းမွန်လှေငယ် အစီးရေ ငါးရာကျော်ရှိကြောင်း မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်း၏ စာရင်းအရ သိရသည်။

သို့သော် မြေပြင်တွင် အစီးရေ နှစ်‌ထောင်နီးပါးအထိ ရှိနိုင်ကြောင်း ကင်းမွန်ငါးဖမ်းလှေလုပ်ကိုင်သူ အချို့က ဆိုသည်။