ကျောက်နီမော်ရွာသားသုံးဦး ဖမ်းဆီးခံရပြီး တစ်ရက်အကြာတွင်ပြန်လွတ်

0
849

လောင်းလုံးမြို့နယ် ကျောက်နီ‌မော်ရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြန်လွတ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၃ ရက်နေ့က ကျောက်နီမော်ရွာတွင် တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်သည့် ဒေါ်ရီစန်းနှင့် သားဖြစ်သူ ကိုသားကြီး၊ သားမက်ဖြစ်သူတို့၏ တယ်လီဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ယင်းနောက် တစ်ရက်အကြာတွင် သုံးဦးစလုံး ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းက ပြောဆိုသည်။

“အဲဒီနေ့က သူတိုဖက်ပိုင်း (အင်းနီတွင်း) က လူတွေ ပြေးနေတာ။ သူတို့က မပြေးဘဲနေပြီး ကျန်ခဲ့တော့ ဖုန်းတွေစစ်ပြီး ဖမ်းခံလိုက်ရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သည် လှေနှစ်စီးဖြင့် ကျောက်နီမော်ရွာသို့ ရေကြောင်းဖြစ် ဝင်ရောက်လာခြင်းဖြစ်သည်။

ယင်းနောက် ညနေပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်အချို့ကို စစ်ဆေးရှာဖွေခဲ့ပြီး ဒေသခံပြည်တစ်ဦးပိုင်သည့် အိမ်ငယ်တစ်ဆောင်ကို မီးရှို့ကာ ညနေပိုင်းတွင် တစ်အိမ်တည်းနေ မိသားစုဝင် သုံးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အောက်တိုဘာလ ၄ ရက်‌နေ့ကလည်း ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းကို LLPDF အဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

သို့သော် ယင်းတိုက်ခိုက်မှုတွင် PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားသည်ဆိုသည့် ဒေသခံနှစ်ဦးမှာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မတွေ့ရသေးကြောင်း ဒေသခံများက ပြောဆိုသည်။