အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

0
1601

အပိုင်း – ၄

မြန်မာသက္ကရာဇ်သက္ကရာဇ် ၁၃၈၃ ခု ၊ သီတင်းကျွတ်လပြည့်နေ့ ညနေခင်း။

ထားဝယ်မြို့ ၊ နိဗ္ဗာန်လမ်း ။

လူငယ်သုံးယောက် စီးလာသည့် ဆိုင်ကယ်မှာ ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံအနီး ၊ PRO ဟမ်ဘာဂါဆိုင်ရှေ့တွင် ရပ်သွားသည်။

သူ မြင်ဖူးခဲ့သည့် ထားဝယ်မြို့ ညနေခင်းမှာ ခါတိုင်းနှင့်မတူ။ ပိုထူးခြားလှပနေသည်ဟု ထင်မိသည်။

သည်နေ့က သီတင်းကျွတ်လပြည့်နေ့ကိုး။ ဝတ်ကောင်းစားလှ ဝတ်ဆင်ကာ လောကမာရဇိန်ဘုရားကြီးဝင်းသို့ ကုသိုလ်ယူဘုရားဖူးသွားနေကြသည့် ထားဝယ်မြို့သူ မြို့သားများ။ နိဗ္ဗာန်လမ်းပေါ် ဖြာကျနေသည့် ဆည်းဆာနေခြည်။

ပြုံးရယ်နေသည့် မျက်ဝန်း။ ဖျတ်ခနဲ မြင်လိုက်ရသည့် ထားဝယ်အပျိုမလေးတချို့၏ ဆံနွယ်နက်နက်….။

သူ့ စိုးရိမ်စိတ်တို့ ခဏတာ လွင့်စင်သွားသည်။

စိတ်သည် လောကကို ဖန်ဆင်း၏။ တနေရာတည်းမှာ ရပ်တန့်နေခဲ့သူချင်း ရောက်နေသည့်ကမ္ဘာ ခြားနေခဲ့သည်။

သူတို့ ဆိုင်ကယ်ထိုးရပ်လိုက်ပြီးပြီးချင်း သူတို့အလာကို စောင့်နေသည့် သူနှင့်အသက် မတိမ်းမယိမ်း ရွယ်တူလူငယ်သုံးလေးယောက် ဘယ်က ဘယ်လို ပေါက်ချလာမှန်း မသိ။

မြို့ခံလူတွေနှင့် ကွဲမထွက်စေချင်လို၍လား မသိ။ ထိုလူငယ်တို့ ဝတ်ထားသည့် အဝတ်အစားမှာလည်း သန့်ပြန့်နေသည်။

သူတို့ အသင့်ယူဆောင်လာသည့် မီးတုတ်တွေကို ကမန်းကတန်း ထုတ်သည်။ မနေ့ညက သူကိုယ်တိုင် အိမ်သုတ်ဆေးအနီရောင်နှင့် စုတ်တံခဲ ရေးဆွဲထားသည့် အနီရောင်ကြွေးကြော်သံပါ ဘန်နာကိုပါ ထုတ်လိုက်သည်။ သူတို့ ရင်ထဲမှာ တဒိန်းဒိန်း။

သူတို့ရောက်နေသည့် နေရာနှင့် ထားဝယ်မြို့မရဲစခန်းက မနီးမဝေး။ ကိုက် ၃၀၀ လောက်ပဲ ကွာမည်။ ကိစ္စမရှိ။ ကိုယ့်အလုပ် ကိုယ်လုပ် ၊ သူ့အလုပ် သူလုပ်။

“ကဲ ရဲဘော်တို့ ၊ ထွက်ရအောင် မြန်မြန်”

“မီးတုတ်တွေ ရှို့၊ မီးတုတ်တွေ ရှို့”

သူ့လက်ထဲက မီးခြစ်မှာ လွယ်လွယ်နှင့် မီးမတောက်။ PRO ဟမ်ဘာဂါဆိုင်ရှေ့တည့်တည့်တွင် သူတို့ လူငယ်တစ်စု ပျာယာခတ်နေကြသည်။

ဆိုင်ထဲက လူတွေလည်း သူတို့ ရောက်လာချိန်ကတည်းက သူတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေရာမှ သူတို့ ဘာလုပ်တော့မည်ဆိုသည်ကို ရိပ်မိလာပုံပေါ်သည်။

အကယ်၍ ထိုအချိန်ကသာ ဆိုင်ထဲတွင် အရပ်ဝတ်နှင့် သေနတ်ကိုင်ဆောင်ထားသည့် စစ်ကောင်စီလက်ကိုင်တုတ်တစ်ဦးတစ်လေသာ ရှိနေခဲ့လျှင် ထိုနေရာတွင်ပင် သူတို့အားလုံး ကံဆိုးမိုးမှောင်ကျသွားနိုင်သည်။

သေရေးရှင်ရေးတမျှ အလျင်စလို ဖြစ်နေသည့် သည်အချိန်မျိုးကျမှ မီးခြစ်က လွယ်လွယ်နှင့် မီးညှိ၍ မရ။

သုံးလေးငါးကြိမ် ကြိုးစားကြည့်မှ မီးခြစ်က ထထောက်ပြီး မီးတုတ်ကို မီးညှိ၍ ရသွားသည်။ တော်လှန်ရေး၏ အမှတ်အသား မီးတုတ်ကိုယ်စီ သူတို့လက်ထဲ ဆုပ်ကိုင်ထားလိုက်ကြပြီ။

စထွက်ဖို့ အသင့်။

ဟမ်ဘာဂါဆိုင်ရှေ့ကနေ နိဗ္ဗာန်လမ်းမပေါ် သူတို့ ပြေးထွက်လိုက်သည်။ လမ်းတစ်ဝက်စာ နေရာယူပြီး အောင်စာပေဘက်ကို ဦးတည်ထားသည့် ခြေလှမ်းများ…။

ဘန်နာကို လမ်းမတစ်ခြမ်းစာအပြည့် ဆွဲဖြန့်လိုက်ချိန်…။

ဆည်းဆာနေရောင်အောက်မှာ…..။

မြန်မာသက္ကရာဇ်သက္ကရာဇ် ၁၃၈၃ ခု ၊ သီတင်းကျွတ်လပြည့်နေ့ ညနေခင်းတွင် နိဗ္ဗာန်လမ်းမပေါ် ပေါ်ထွက်လာသည့် အနီရောင်စာလုံးများ…။

စစ်အာဏာရှင်ကို အရှုံးမပေးသည့် ကြွေးကြော်သံ။

“တော်လှန်သီတင်းကျွတ်မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်” ။

သာယာသည့် ညနေဆည်းဆာလေထုထဲ အားပါပြင်းထန်သည့် အသံတစ်သံ ဖောက်ခွဲပစ်လိုက်သည်။

အမှောင်ဂယ်လာရီ မြန်မာပြည်ငရဲခန်းမှ လူငယ်ငရဲသားတစု၏ မချိမဆန့်ဒဏ်ရာကို ဖော်ပြလိုက်သလို…။

လည်ချောင်းကွဲမတတ် အားကုန်အော်သံ။

“ဒီမိုကရေစီ ရရှိရေး…..!!!”

“ဒို့အရေး ဒို့အရေး…..!!!”

သူ့ ခန္ဓာကိုယ်ထဲက သွေးတွေ ဆူပွက်လာသည်။ ကြောက်ရွံ့ခြင်းများ လွင့်စင်သွားသည်။

ရောမအင်ပါယာကို အန်တုတော်လှန်နေသော စပါတာကပ်စ်၏ နောက်လိုက်စစ်သား ငွေဝယ်ကျွန်တစ်ယောက်လို ခံစားလာရသည်။ လောကမှာ အရာရာကို ရင်ဆိုင်ရဲခဲ့သူတို့၏ နေရာကို ဝင်ခံစားကြည့်နိုင်သွားသလို…။

“စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး…..!!!”

“ဒို့အရေး ဒို့အရေး….. !!!”

“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး”

“ဒို့အရေး ဒို့အရေး….!!!”

လက်သုံးချောင်းကို အကြောတွေ တင်းနေအောင် လေထဲမြှောက်ထားရင်း လမ်းဘေးဝဲယာဆီ သူ့မျက်လုံး အကြည့်တစ်ချက် ဝေ့လိုက်သည်။ ထိုတဒင်္ဂမှာတင် သူ ခံစားလိုက်ရသည်။ ပီတိကို ရေမွှေးဆွတ်ပြီး သူ့ ရင်ဘတ်ကို ပက်ဖြန်းပေးလိုက်သလို ခံစားမှုမျိုး….။

ကွမ်းယာဆိုင်ထဲမှ တီရှပ်အနက်ရောင်ပွပွ ဝတ်ထားသည့် ခပ်ပိန်ပိန် အစ်ကိုတစ်ယောက်က လက်သုံးချောင်းထောင်ပြနေသည်။ အရေးတော်ပုံနှင့် သူတို့ကို စာနာသက်ဝင်ကြောင်း အချက်ပြခြင်း။

ထားဝယ်မြို့တမြို့လုံးက အားအင်တွေ သူ့ကိုယ်ထဲ စီးဝင်သွားသလို ခံစားမှု။ နွေဦးတော်လှန်ရေးအတွင်း သူ့ ဖြတ်သန်းမှုတလျှောက် လက်သုံးချောင်းသင်္ကေတပေါင်းများစွာ သူ မြင်ခဲ့ရပြီးပြီ။

အဲသည်ညနေခင်းမှာ ကွမ်းယာဆိုင်ထဲက အစ်ကိုတစ်ယောက် ထောင်ပြလိုက်သည့် လက်သုံးချောင်းကိုတော့ တော်လှန်ရေးအတွင်း သူ့အဖို့ သင်္ကေတအဆန်ဆုံး လက်သုံးချောင်းအဖြစ် ရင်ထဲ စွဲမိသွားသည်။ ထိုညနေခင်းက သူတခါမှ မမြင်ဖူးသည့် လူသားတစ်ယောက် အချက်ပြခဲ့သည့် လက်သုံးချောင်းကို သူ သေတဲ့အထိ မမေ့။

ယုံကြည်ချက်တစ်ခုကို သင်္ချိုင်းကုန်းအထိ သယ်ဆောင်သွားနိုင်သူတို့ကိုသာ သူရဲကောင်းဟု မှတ်ထင်ကြသည့် လောကသားတွေအကြား သူရဲကောင်းမဆန်ချင်သည့် သူ့အဖို့ ထိုနေ့ညနေခင်းက သင်္ကေတဆန်လွန်းသည့် လက်သုံးချောင်းကိုတော့ သူ သေတဲ့အထိ အမှတ်ရသွားချင်သည်။

“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်….!!!”

“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်….!!!”

“သပိတ် သပိတ်….!!!”

“မှောက် မှောက်….!!!”

“မီးတုတ် မီးတုတ်…..!!!”

“ရှို့….ရှို့….!!!”

“အရေးတော်ပုံ အောင်ရမည်”

“အရေးတော်ပုံ အောင်ရမည်”

တိုင်းပြည်ကို ဒုက္ခဂယ်လာရီမှ ဆွဲထုတ်သွားချင်သည့် နိဗ္ဗာန်လမ်းပေါ်က ကြွေးကြော်သံများ။

———-

“ဒိုင်း….!!!”

ဘာသံပါလိမ့်….လမ်းပေါ်မှာ သွားနေတဲ့ ဆိုင်ကယ်တစီး တာယာပေါက်သွားတာလား…။

သူ ချက်ချင်း ဝေခွဲမရ။ ဘာမှ မကြာလိုက်။ ကြောက်စရာအသိတစ်ခု သူ့ခေါင်းထဲ လက်ခနဲ ဖြတ်ပြေးသွားသည်။

“မိခမ်ဗျား သေနှတ်သံမား…!”

( ထားဝယ်စကား ဖြစ်သည်။ ဗမာလိုအဓိပ္ပါယ်မှာ “အမလေး သေနတ်သံပါလား”)

ပြေးရင်းနှင့် သူ့ညာဘက်နံရိုးကို လက်နဲ့ စမ်းသည်။ ဘာဒဏ်ရာမှ မရှိ။ သူ့ဘဝတွင် ပြေးဖူးသမျှ အချိန်အားလုံး ထက် အားကုန်ထုတ်၍ ပြေးနေသည်။

သူ့ရဲဘော်တွေလည်း အတူတူပင်။ နောက်ကျော မလုံစွာဖြင့် အသက်လုပြေးနေရချိန် အတွေးတစ်ခုက ဝင်ဖြစ်အောင် ဝင်လာလိုက်သေးသည်။

“ငါတော့ တက္ကသိုလ်ဆက်မတက်ရဘဲ သေတော့မယ် ထင်တယ်” ဆိုသည့်အတွေး…။

မကြာသေးခင် ဩဂုတ် ၁၀ ရက်နေ့က ရန်ကုန်မြို့တွင် တက္ကသိုလ်ဆက်မတိုက်ဘဲ တိုက်ပေါ်က ခုန်ချသွားခဲ့ရသည့် လူငယ်လေးတချို့အကြောင်းက သူ့ခေါင်းထဲ စွဲနေဆဲ…။

ခန္ဓာကိုယ်ထဲ ရှိသမျှ အားကုန်ဖျစ်ညှစ်ပြေးလွှားရင်း သူ့အာရုံထဲ အဖေနှင့် ဆွံ့အနားမကြားသည့် အစ်ကိုအကြီးဆုံး၏မျက်နှာကို ဖြတ်ခနဲ မြင်လိုက်သေးသည်။

“သား စိတ်မကောင်းပါဘူး အဖေ”…။

သူ့အဖေနှင့် အစ်ကိုကြီးအတွက် ငယ်ငယ်ကတည်းက ရည်ရွယ်ထားသည့်အတိုင်း လွန်ခဲ့သည့် ၅ နှစ် သူ ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့က ထိုင်းသစ်စက်ထဲ အင်္ဂလိပ်စာဆရာလွတ်လေ့လာရန် စာအုပ်လာဝယ်ခဲ့သည့် အောင်စာပေ အရှေ့မှာတင် အခု သူ အသက်လုပြေးနေရသည်။ လူတို့ဘဝသည် နိပါတ်တော် ဆန်လွန်းလေစွ။

အားကုန်ပြေးရင်း မျှော်လင့်ချက်ကို ဖျတ်ခနဲမြင်လိုက်ရသည်။ အောင်စာပေအလွန်မှာ နိဗ္ဗာန်လမ်းပေါ်ကနေ ရှောင်ထွက်လို့ ရမယ့် လမ်းကြားလေး။ နိဗ္ဗာန်လမ်းပေါ်ကနေ အိုးလုပ်ရပ်ထဲ ချိုးဝင်သွားသည့် လမ်းကြားကလေး။

အို ..…မောင့်ဘဝ မျှော်လင့်ချက်လမ်းကြားလေး….။

‘အောင်စာပေ’ကို ကျော်လာခဲ့ချိန် နိဗ္ဗာန်လမ်းပေါ်မှ ညာဘက်သို့ ချိုးဝင်နေသည့် လမ်းကြားကလေးအတိုင်း သူ ကိုးတန်းနှစ်က အကြီးအကျယ် မီးလောင်ခဲ့သည့် ထားဝယ်မြို့ အိုးလုပ်ရပ်ထဲသို့ သူ ပြေးဝင်လာခဲ့လိုက်သည်။

အခု သူ့ ရင်ထဲမှာလည်း မီးတောက်တွေနှင့် ….။

မလှမ်းမကမ်းမှ ဆက်တိုက်ထွက်လာသည့် သေနတ်သံများ…။

“ဒိုင်း…..ဒိုင်း….ဒိုင်း….!!!”

“ဒိုင်း…..ဒိုင်း….ဒိုင်း….!!!”

■ ဈာန်ဟိန်း

အပိုင်း (၄) ပြီး။

အပိုင်း (၅) ကိုဆက်လက်ဖတ်ရှုရန် >>>>>