ထိုင်းတွင် အွန်လိုင်းပေါ်ကချစ်သူနှင့် ချိန်းတွေ့ရန်သွားသော မြန်မာလုပ်သားရိုက်နှက်ခံရ

0
1319

အွန်လိုင်းပေါ်တွင် ချစ်ကြိုက်ခဲ့ကြပြီး တွေ့ဆုံရန်ချိန်းသဖြင့် သွားရောက်ခဲ့သော မြန်မာလုပ်သားတစ်ဦး အမည်မသိလူငယ်တစ်စု၏ ဝိုင်းရိုက်ခြင်းခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အွန်လိုင်းပေါ်က ချစ်သူနှင့် ချိန်းဆိုထားသဖြင့် အသက် ၂၃ အရွယ် ကိုစိုင်းလင်းသူအမည်ရှိ မြန်မာအလုပ်သမားသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်သို့ တစ်ဦးတည်း လာရောက်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။

ချိန်းတွေ့ရန်‌ ပြောဆိုထားသော စမ်ရွန်းဒေသရှိ ရှောပင်းမောရှေ့သို့ ရောက်ရှိသောအခါ ချစ်သူကောင်မလေးကို မတွေ့ရှိရဘဲ အမည်မသိ လူငယ် ၁၀ ဦးခန့်က တုတ်၊ ဓါးများဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ စမ်ရွန်းရဲတပ်ဖွဲ့များ ရောက်ရှိလာသောအခါတွင် ရိုက်နှက်သူများက ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ရိုက်နှက်ခံရမှုကြောင့် ၎င်း၏ နားတွင် ဓါးဒဏ်ရာ၊ မျက်နှာတွင် ထိုးကြိတ်ဒဏ်ရာရရှိခဲ့ပြီး ညာဘက်ခြေထောက် ကျိုးသွားကြောင်း သိရသည်။

ရိုက်နှက်သူများကို မသိရှိဟု ယင်းလူငယ်ကပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့များက CCTV မှတ်တမ်းများကို စစ်ဆေး၍ ကျူးလွန်သူများကို လိုက်လံ ခြေရာခံဖမ်းဆီးသွားမည်ဟု သိရသည်။

 Ref: CH 7 News HD, Samut Prakan Press