အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

0
1620

အပိုင်း – ၂

၂၀၁၇ ခုနှစ် ၊ မတ်လ (၁၅) ရက်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့။

မွန်းတည့် ၁၂ နာရီ။

ထားဝယ် အထက(၁) ကျောင်းဝန်းထဲမှ ခေါင်းလောင်းသံက အာဇာနည်လမ်းမပေါ်အထိ ပျံ့သွားသည်။ အဖြူအစိမ်း ကျောင်းသားဘဝလေး အဆုံးသတ်သွားခဲ့ပြီ။

သည်ခေါင်းလောင်းသံမျိုး ဘဝတွင် သူ နောက်ထပ်မကြားနိုင်တော့ပြီ။ အဖြေလွှာစာရွက်ကို အခန်းစောင့်ဆရာမလက်ထဲ နောက်ဆုံးအကြိမ်အဖြစ် သူ အပ်လိုက်သည်။

စာသင်ခန်းထဲကနေ ထွက်လာလိုက်ချိန် ပင့်သက်တစ်ချက် အရှိုက်။ ဘဝမှာ ဘယ်လိုမှ ပြန်မရနိုင်တော့တာတစ်ခုကို နှုတ်ဆက်လိုက်ရပြီမှန်း သူအလိုလို သိသွားခဲ့သည်။

မိသားစုဘဝနွေးထွေးမှုနှင့် မိဘမေတ္တာဆိုတာကို လူသိခံမဝံ့စွာ ဆာလောင်ငတ်မွတ်ခဲ့သူပီပီ ကျောင်းသားဘဝနှင့် သူငယ်ချင်းများကို ဒုတိယမိသားစုလို ခင်တွယ်ခဲ့သည်။

“ကျောင်း” ဟုခေါ်သည့် ဘဝဆုံချက်လေးတွင် အတူပေါင်းစုမိခဲ့ကြသည့် ကျောင်းသားဘဝနာရီလက်တံတွေပေါ်က သူငယ်ချင်းများ။ ထိုအရာအားလုံးကို သူများထက် ပိုတန်ဖိုးထားတွယ်တာခဲ့သည်။

“ဖြေနိုင်လား….”

သူငယ်ချင်းက သူ့ကို မေးတော့ သူ ခေါင်းညိတ်ရုံပဲ ညိတ်ပြမိသည်။ ပုံမှန်ဆို စကားမနည်းတတ်သူက ထိုနေ့က ခါတိုင်းထက် ပိုတိတ်ဆိတ်နေခဲ့သည်။

သည်ည အိပ်ပျော်သွားပြီးလျှင် သူ ရင်ဆိုင်ရတော့မည့် မနက်ဖြန်။ တစ်သက်လုံး လွမ်းနေရတော့မည့် အရေခွံတစ်ခုကို အပြီးအပိုင်ချွတ်လိုက်ရသည့် မြွေဖြူတစ်ကောင်၏ နံနက်ခင်း။

ဆယ်တန်းကျောင်းသားဘဝနောက်ဆုံးည…။

သူ အိပ်စက်ရာ သစ်သားကုတင်လေးပေါ်က ရှုပ်ပွနေသည့် စာအုပ်များ…။

တစ်နှစ်လုံး ခေါင်းအညောင်းခံ စာလုပ်ခဲ့ရဖူးသည့် သူ့ကုတင်လေးပေါ်မှာ အဖြူအစိမ်းကျောင်းသားဘဝကို မောပန်းနွမ်းနယ်စွာ သူ အိပ်ပျော်ကုန်ဆုံးပစ်လိုက်သည်။

နာရီပေါင်းများစွာ အိပ်ပျော်သွားခဲ့ပြီးနောက် နောက်တစ်နေ့ ရောက်သွားခဲ့ပြီမှန်း သူ အသိစိတ်ဝင်လာချိန် အရင်ဆုံးကြားလိုက်ရသည့် သီချင်းသံ…။

အလင်းရောင်မှုန်ဝါးစွာ ခြောက်ကပ်ကပ် ဘော်ဒါဆောင် အောက်ထပ်မှာ ကျယ်လောင်စွာ ဖွင့်ထားသည့် ဖုန်းထဲက သီချင်းသံ။ အစက အိပ်မက်ထဲက အသံဟု ထင်နေမိသည်။

မတ်လ၏ တိတ်ဆိတ်ခြောက်ကပ်သွားသည့် မနက်ခင်း…။

မျက်စိကို မှိတ်ထားဆဲ…။

အာရုံထဲ တိုးဝင်လာသည့် သီချင်းသံကို အိပ်ရာထဲ လှဲနေရင်း ဆက်နားထောင်နေမိသည်။

“မျှော်လင့်ချက်မဲ့ပြီဟေ့….ဒီဘဝ ဒီမျှနဲ့ ဝေး ….

ပြန်ဆုံတွေ့ကြဖို့ အခွင့်အရေး ငါတို့ ဝေး….ငါတို့ ဝေးခဲ့ကြပြီ…”

ခြောက်ကပ်ကပ်မနက်ခင်းတစ်ခုမှာ သံယောဇဉ်တွယ်ပြီးသား နေရာဟောင်းတစ်ခုကနေ အပြီးအပိုင် ကျောခိုင်း ထွက်ခွာသွားဖို့ အထုပ်ပြင်နေသည့် သူငယ်ချင်းတစ်ယောက် ဖုန်းထဲ ဖွင့်ထားသည့် သီချင်း။

အဖြူအစိမ်းကျောင်းသားဘဝကို နှုတ်ဆက်ပြီး စတင်လိုက်ရသော ပထမဆုံးနံနက်ခင်းမှာပဲ ရင်ထဲက အဖျားငွေ့ငွေ့လေးကို သတိထားမိလိုက်ရသည်။ အတိတ်လွမ်း ဝေဒနာ…တဲ့။ အိပ်ရာထဲ ပင့်သက်တစ်ချက် ရှိုက်သွင်းမိသည်။

မျက်လုံးမဖွင့်ခင်ကပင် ပင့်သက်ရှိုက်လိုက်ရသည့် မနက်ခင်း…။

ဆယ်တန်းစာမေးပွဲဖြေပြီးသည့် နောက်ဆုံးနေ့က ဘော်ဒါဆောင်တွင် နေ့လယ်စာ စားပြီးပြီးချင်း နေရာတစ်ခုကို သူ သွားခဲ့သည်။ ထားဝယ်မြို့ပေါ်တစ်နေရာ။

ဇာတိရွာသို့ မပြန်ခင် ရှိသမျှ ပိုက်ဆံအနည်းငယ်နှင့် အင်္ဂလိပ်စာလေ့လာရေးစာအုပ်တွေ ဝယ်သွားရန် သူ ရည်ရွယ်ခဲ့သည်။

အဖြူအစိမ်းကျောင်းသားဘဝနောက်ဆုံးနေ့မှာတင် သူ ရောက်သွားခဲ့သည့် နေရာ။ ထားဝယ်မြို့ အောင်စာပေ။

စာသင်ခန်းကို ကျောခိုင်းသည့်နေ့မှာ ကန့်လန့်ကာဖွင့်လိုက်သည့် တကိုယ်တော်ပညာရှာခရီး။

သူ စာအုပ်သွားဝယ်ခဲ့သည့် “အောင်”စာပေ ရှေ့မှာတင် နောက် ၅ နှစ်အကြာ ညနေခင်းတစ်ခုမှာ သူ အသက်လု ပြေးနေခဲ့ရလိမ့်မည်မှန်း အဲသည်နေ့က သူ လုံးဝ မတွေးမိခဲ့…။

စာအုပ်ဆိုင်တစ်ဆိုင်ကို သေနတ်သံနှင့် တွဲမှတ်မိနေရသည့် မှတ်ဉာဏ်မျိုး သူ ကိုယ်တိုင်လည်း မလိုချင်ခဲ့သည်မှာ အမှန်။

လူ့ဘဝသည် နိပါတ်တော် ဆန်တတ်ပါသည်…..။

————

၂၀၁၇ ၊ ဧပြီ ၂ ရက်နေ့ ။

မနက် ၁၀ နာရီ ။

အနက်ရောင်ကျောပိုးအိတ်ထဲ ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့က သူ ဝယ်ခဲ့သည့် အင်္ဂလိပ်စာ လေ့လာရေးစာအုပ်နှစ်အုပ်နှင့် ဝတ္ထုတိုစာအုပ်တစ်အုပ်ကို ထိုးထည့်ရင်း ထိုင်းတောင်ပိုင်း တနေရာဆီ သူ့ကို ခေါ်ဆောင်သွားမည့် ကားတစ်စီးပေါ် သူ တက်လိုက်သည်။

သူ့နိုင်ငံမှာတော့ သူ ကောင်းကောင်းနားမလည်သေးသည့် အပြောင်းအလဲများ စတင်နေခဲ့ပြီ။

————

ဇွန် ၁၆ ၊ ၂၀၁၇ ။

ည ၉ နာရီ မရှိတရှိ။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ သစ်စက်တစ်နေရာ….။

တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်ရင်း သူ့ အတွေးနှင့်သူ နပန်းလုံးနေ၏။ အတိတ်ကို ပြေးထွက်သွားသည့် အာရုံက ပစ္စုပ္ပန်သို့ ဖြေးဖြေးချင်း ပြန်ရောက်လာသည်။

ဆယ်တန်းဖြေပြီး တစ်လမပြည့်ခင်မှာပဲ အင်္ဂလိပ်စာလေ့လာရေးစာအုပ် နှစ်အုပ်ပါသည့် အနက်ရောင်ကျောပိုးအိတ် တစ်လုံးနှင့်အတူ သူ တက်လိုက်လာခဲ့သည့် အဖြူရောင် ကားတစ်စီးက သူ့ကို သည်နေရာသို့ ခေါ်လာခဲ့သည်။

သူ နောက်ဆုံးနှုတ်ဆက်ကြည့်ခွင့်မရလိုက်သော သူ့အမေ လွန်ခဲ့သည့် ၆ နှစ်က သေဆုံးသွားခဲ့သည့် နေရာ…။

သူတို့ မောင်နှမပညာရေးအတွက် ၆ နှစ်လုံးလုံး ရွာကို ခြေဦးမလှည့်နိုင်ဘဲ သူ့အဖေနှင့် နားမကြားသူ သူ့အစ်ကိုကြီးတို့ အလုပ်ကြမ်းလုပ်လာခဲ့ရသည့် နေရာ။

သူ လူမှန်းမသိခင် ဘဝအစောပိုင်းရက်လတွေမှာ သူ့အမေ၊ သူ့အဖေနှင့်အတူ ကလေးပီပီ ရွှင်မြူးနေထိုင်ခဲ့ဖူးသည့် နေရာ ။

သူ့ဘဝတွင် ဆရာဝန်ဆိုသည်ကို ပထမဆုံးမြင်ဖူးခဲ့သည့် နေရာ။

သူ၏ ငယ်ဘဝကစားကွင်း။ သူ ဆယ်တန်းဖြေဖို့ စတေးခဲ့ရသည့် အဖေ့ချွေးစက်တို့ မြေ။ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက သစ်စက်ကြီး။

ထိုင်းသစ်စက်ထဲ စရောက်ချိန်ကတည်းက အလုပ်သမားတန်းလျားလေးထဲတွင် တနေ့တာ အလုပ်ကြမ်းလုပ်ပြီး ညပိုင်းအားလပ်ချိန်များ၌ သူ ဝယ်လာသည့် အင်္ဂလိပ်သဒ္ဒါစာအုပ်ကို ဖတ်ရင်း အင်္ဂလိပ်စာကို ဆရာလွတ်လေ့လာခဲ့သည်။

ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့က သူ ဝယ်လာခဲ့သော စာရေးဆရာလင်္ကာရည်ကျော်၏ “သိင်္ဂါရအလှည့်ဝတ္ထုတိုများ”ဆိုသည့် ဝတ္ထုတိုစာအုပ်လေးကို သည်အလုပ်သမားတန်းလျားထဲမှာပင် ဖတ်ခဲ့သည်။

ကမ္ဘာကျော်စပိန် သီချင်းတစ်ပုဒ်ကို သည်သစ်စက်ဝန်းကြီးထဲက သစ်ထိုးကားငယ်လေးတစ်စီးပေါ်မှာ နားထောင်ခဲ့သည်။

သူ့ ဘဝတွင် ပထမဆုံး ဂစ်တာတီးသင်ခြင်းကို သည်နေရာတွင်ပင် စခဲ့သည်။ သူ့ဘဝ၏ ပထမဆုံးလုပ်အားခကို သည်သစ်စက်ထဲမှာပင် ရခဲ့သည်။

သူ့ ပထမဆုံးလုပ်အားခဖြင့် ပထမဆုံး ဝယ်ဝတ်ခဲ့ဖူးသည့် ဖလန်နယ်အင်္ကျီလက်ရှည်လေးတစ်ထည်ကို သည်သစ်စက်ထဲမှ စာရေးမရုံးခန်းတွင် ဝယ်ခဲ့သည်။

သူ့ဘဝ၏ ဆယ်ကျော်သက်ဘဝအစိတ်အပိုင်းတစ်ခုက သည်သစ်စက်နှင့်အတူ ရှိခဲ့ပြီးသား။

သည်သစ်စက် တနေရာတွင် အခု သူ ထိုင်နေသည်။ တစ်စုံတစ်ခုကို သူ စောင့်မျှော်နေသည်။

အနားမရသည့် သူ့စိတ်က တရစပ် ခုန်ပေါက်နေသည်။ သူ့ရင်ထဲ တထိတ်ထိတ်။ နှလုံးခုန်သံက တဒိန်းဒိန်း။ တချိန်တည်းမှာပဲ သူ့ရင်ဘတ်ကို ခဲဆွဲထားသလို လေးလံနေသည်။

နယ်စပ်ချင်းခြားနေသည့် သူငယ်ချင်းများနှင့် အတိတ်ကာလ ကျောင်းသားနေ့ရက်များကို တမ်းတသည့် အတိတ်လွမ်းဝေဒနာနှင့် အထီးကျန်ခံစားမှုများကပါ နှိပ်စက်နေခဲ့သည်။

မနက်ဖြန် ဇွန် ၁၇ ။

ဆယ်တန်းအောင်စာရင်းထွက်မည့်နေ့။

သူ မျှော်လင့်ထားသလို ဖြစ်မလာနိုင်သည်ကို တွေးရင်း သက်ပြင်းအကြိမ်ကြိမ် ချနေမိသည်။ သည်နေ့ကို ရင်ဆိုင်ရန် သူ လျှောက်လာခဲ့ရသည့် ခြေလှမ်းများ ရှည်လျားလွန်းခဲ့သည်။

“သက်တူရွယ်တူ သူငယ်ချင်းများ ဘဝကို သုညက စခဲ့ကြသည်ဆိုလျှင် သူက အနုတ်မှ စခဲ့ရသည်” ဆိုသည့်အတွေးက ရင်ကို စိုးမိုးထားဆဲ…။

အချိန်ဘယ်လောက်ကြာအောင် သူ ထိုင်နေမိသည်ကို မသိတော့။ ညကလည်း နက်လာပြီ။ သစ်စက်ဝန်းထဲ ကနေ အလှမ်းမကမ်းရှိ သူနေထိုင်ရာ အလုပ်သမားတန်းလျား ၊ သစ်သားအိမ်ခန်းလေးဆီ ပြန်လာခဲ့သည်။

ည ၁၁ နာရီခွဲ….။

မီးရောင်တွေ မြင်နေရပေမယ့် အလုပ်သမားတန်းလျားတစ်ခုလုံး တိတ်ဆိတ်သွားပြီ။

သူ အိပ်မပျော်သေး။

ရုတ်တရက် သူ့ဖုန်းစခရင် လင်းလာသည်။

ထူးဆန်းသည့် စာတိုလေး။

သူ ဖုန်းကို ကမန်းကတန်း ကောက်ကြည့်လိုက်သည်။

ဆယ်တန်းတုန်းက ဘော်ဒါဆောင်မှ ဆရာတစ်ဦး ပို့လာသည့် မက်ဆေ့။

“ဂုဏ်ယူပါတယ် ဂုဏ်ထူးရှင်လေးရေ….၊ နှစ်ဘာသာ ဂုဏ်ထူးပါနေတယ် ၊ အင်္ဂလိပ် ဇီဝ”

သူ ဘာဖြစ်သွားမှန်း သူ့ကိုယ်သူ မသိတော့……။

သူ့ကိုယ်သူ သတိဝင်လာချိန် ခုနက တန်းလျားအိမ်ခန်းထဲမှာ မရှိတော့။

သစ်စက်ထဲ သူ ဘယ်လိုပြန်ရောက်သွားပါလိမ့်….။

■ ဈာန်ဟိန်း

အပိုင်း (၂) ပြီး။

အပိုင်း (၃) ကိုဆက်လက်ဖတ်ရှုရန် >>>