ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

0
1297

မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခေါ်) ကိုလတ်ကို ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့နှင့် မြို့ခံတို့ထံမှ သိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူးကို ယနေ့ နံနက် ၉ နာရီခန့်က ရေးမြို့ မြသီတာဈေးအနီးတွင် 90 mm ဖြင့် သုံးချက် ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးမောင်လတ်တွင် ကျည်ဖောက်ဝင် ဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း မြို့ခံအချို့ထံမှ သိရသည်။

“သေနတ်နဲ့ ပစ်ခံရတဲ့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးက အခု ဆေးရုံမှာ။ မသေဘူး။ ကျည်ဒဏ်ရာနှစ်ချက် ထိထားတယ်လို့ သိရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ဦးမောင်လတ်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်း ကာ လုပ်ပိုင်ခွင့်များရရှိထားသူဖြစ်သလို စစ်ကောင်စီတပ်က မင်္သကာသူများကို စစ်ဆေးရာတွင် ဦးဆောင်သူဖြစ်သည့် အတွက် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရေးမြို့ရှိ မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ် ခဲ့သေးသည်။ ယင်းဖြစ်စဉ်တွင် ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏပစ်ခတ်ရှင်းလင်း လေ့ရှိသည်။

ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးရမိသူကို ဆုကြေးငွေပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။