ထားဝယ်အရှေ့တောတွင် လုပ်ငန်းရပ်နားထားသည့် သံသတ္တုမိုင်းကို ကော်သူးလေက မီးရှို့

0
965

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားကျေးရွာအုပ်စု၊ ဖွတ်လက်တိုရွာချောင်းဖျားတွင် လုပ်ငန်းရပ်နားထားသည့် သံသတ္တုမိုင်းလုပ်ငန်းကို ကော်သူးလေတပ်မတော်က အောက်တိုဘာ ၇ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကော်သူးလေတပ်မတော်နှင့် ဒေသခံများက ပြောသည်။

စစ်ကောင်စီနှင့် ပတ်သက်သည့် လုပ်ငန်းမှန်သမျှ၊ စစ်ကောင်စီကို အကျိုးပြုနိုင်သည့်လုပ်ငန်းမှန်သမျှကို တားဆီး မည်ဟု ထုတ်ပြန်ထားသည့်အတိုင်း သတ္တုလုပ်ငန်းရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ကော်သူးလေတပ်မ‌တော်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောဆိုသည်။

အဆိုပါ သတ္တုမိုင်းကို တောင်ပိုင်းကမ္ဘာကုမ္ပဏီက ၂၀၁၉ ခုနှစ်မှ ၂၀၃၀ အထိ အလတ်စား သတ္တုတူးဖော် လုပ်ကိုင်ခွင့် ရထားခြင်းဖြစ်ပြီး လုပ်ငန်းရပ်နားထားသည်မှာ ကြာပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

သံသတ္တုမိုင်းတူးဖော်ရေးလုပ်ငန်း အဆောက်အအုံနှင့် လုပ်ငန်းသုံးယာဉ်များ၊ ဘတ်ဟိုးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ‌ပြန်ကြားရေးတာဝန်ခံ ကိုချမ်းနှင့် ဒေသခံအချို့က ပြောဆိုသည်။

“အဲဒီလုပ်ကွက်မှာ ဒေသခံတွေ ခိုးပြီးဝင်လုပ်နေတယ်လို့တော့ကြားတယ်” ဟု ဟိန္ဒားကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

သတ္တုမိုင်းလုပ်ငန်း မီးရှို့ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူကို မေးမြန်းရန် ဆက်သွယ်နေသော်လည်း အဆက်အသွယ် မရသေးပေ။