ထိုင်းတောင်ပိုင်း၊ စူရတ်တွင် ဒါရိုက်တာကိုပေါက်အကြောင်း မှတ်တမ်းရုပ်ရှင်ပြမည်

0
1297

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒါရိုက်တာကိုပေါက်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကို ပြသသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် ဥယျာဉ်မှူးတို့ရဲ့တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းနေ့တွင် ‘ရောင်နီလာရာလမ်း’ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာကိုပေါက်၏ ခွင့်ပြုချက်ဖြင့် စူရတ်မြို့ စစ်တပ်ကွင်းအရှေ့ရှိ မင်္ဂလာခန်းမတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ  ပြသမည်ဖြစ်ကြောင်း ယင်းအဖွဲ့ (စူရတ်ဌာနီ ဘန်းတော်မြို့) တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းမှတ်တမ်းရုပ်ရှင်မှာ ဒါရိုက်တာကိုပေါက်၏ တော်လှန်ရေးကာလ ဖြတ်သန်းမှုအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

လက်ရှိတွင် ရုပ်ရှင်ပွဲတော်ကြည့်နိုင်မည့် လက်မှတ်များစတင်ရောင်းချနေပြီဖြစ်ကာ တစ်ကြိမ်ကြည့်ခအဖြစ် လက်မှတ် တစ်စောင်(တစ်ဦး) လျှင် ထိုင်းငွေ ၁၂၀ ဘတ်သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

“လက်မှတ်ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ကို ဆက်သွယ်ပြီးတော့ ဖုန်းနံပါတ်တွေ ပေးလို့ရပါတယ်။ကျွန်မတို့ဆီကို ဆက်သွယ်ပြီးတော့ ဝယ်ယူလို့ရပါတယ်ရှင့်”ဟု ဥယျာဉ်မှူးတို့ရဲ့တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက က ဆိုသည်။

ဥယျာဉ်မှူးများ၏ တော်လှန်ရေးအဖွဲ့ကို စူရတ်ခရိုင်ရှိ စစ်အာဏာရှင်စနစ် တော်လှန်ရေးအင်အားစုများနှင့် စိတ်ဝင်စားသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရုပ်ရှင်လက်မှတ်ဝယ်ယူလိုပါက 09-45693214 ထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ရုပ်ရှင်ပွဲတော်လက်မှတ်အစောင်ရေ အနည်းဆုံး သုံးထောင်အထိ ရောင်းချသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံရောင်းချသွားမည် ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

စူရတ်ဌာနီမြို့တွင် ပြသမည့် ‘ရောင်နီလာရာလမ်း’ဇာတ်ကားမှာ ထိုင်းနိုင်ငံအတွင်း ပထမဆုံးအကြိမ် ပြသခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရုပ်ရှင်ပွဲတော်မှ ရရှိလာမည့်ငွေကြေးကိုမူ တော်လှန်ရေးအတွက် အသုံးပြုနိုင်ရန် ဒါရိုက်တာကိုပေါက်ထံ အပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တော်လှန်ရေးအတွက်ပါပဲရှင့်။ တော်လှန်ရေးအတွက်ပဲ မြန်မာပြည်မှာလိုအပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေထဲကို (ဒါရိုက်တာ)ကိုပေါက် စိတ်တိုင်းကျခွဲဝေသွားဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်ကားက ပြသချိန် တစ်နာရီဝန်းကျင်ကြာမည်ဖြစ်သည့်အတွက် တစ်နာရီခြားတစ်ကြိမ်နှုန်း ပြသသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ စူရတ်ဌာနီမြို့ရှိ ရွေ့ပြောင်းလုပ်သားအများစုမှာ ထားဝယ်ဒေသခံများဖြစ်ပြီး အခြားတိုင်းရင်းသား အချို့လည်း လုပ်ကိုင်နေသည်။